စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်သိမ်းထားသည့် မန္တလေးမြို့ နာမည်ကျော် ဈေးချိုတော်ဆိုင်ခန်းများကို ဇွန် ၇ ရက် နောက်ဆုံးထား မဖွင့်လျှင် သိမ်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သဖြင့် ပြန်လည်ဖွင့်လှစ်ရသော်လည်း ဈေးဝယ်သူမရှိဟု စုံစမ်းသိရှိရသည်။
ဈေးချိုတော်စည်ပင်သာယာရေးဌာနက ပြီးခဲ့သည့်လကုန်ပိုင်းတွင် ပိတ်ထားသည့် ဆိုင်ခန်းများ၌ ထိုသို့ သတိပေးစာများ လိုက်ကပ်ခဲ့၍ လက်ဝယ်ရှိသည့် ပစ္စည်းလက်ကျန်များခင်းကျင်းကာ အချိန်မီ အဖွင့်ပြထားရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆိုင်ခန်းပိုင်ရှင်နှစ်ဦးက ပြောသည်။
ယနေ့ (ဇွန် ၈) တွင် ဈေးချိုစည်ပင်အဖွဲ့က မဖွင့်ဘဲထားသည့် ဆိုင်ခန်းများစာရင်းကို လိုက်လံကောက်ယူနေကြောင်း၊ ပြန်ဖွင့်သည့် ဆိုင်ခန်းများတွင် မူလက ကပ်ထားသည့် သတိပေးစာများကို ပြန်ခွာကာ တစ်ဆိုင်လျှင် ကျပ်တစ်သောင်းခွဲ အကြောင်းမဲ့တောင်းခံကြောင်း ၎င်းတို့ထံမှ သိရသည်။
“အစက မဖွင့်တဲ့ဆိုင်တွေကို ပိတ်မယ်လို့ စာကပ်ထားတာ။ အခု အဲဒီစာကို ပြန်ခွာပြီး လာဖွင့်သူတွေကို တစ်သောင်းခွဲစီ တောင်းတယ်။ ဆိုင်ခန်းတွေက တစ်ထပ်မှာကို ရာချီရှိတာလေ။ အားလုံးပေးကြရတယ်။ အများကြီးပဲ” ဟု ပထမ သတင်းရင်းမြစ်က ပြောသည်။
“လုံးဝကိုမဖွင့်တဲ့ဆိုင်တွေလည်း ရှိသေးတယ်။ ဒီနေ့တော့ စာရင်းပဲ မှတ်သွားသေးတယ်။ အင်အားသုံးပြီးလာသိမ်းတာမျိုးတော့ ဒီနေ့မရှိသေးဘူး” ဟု ထိုသူက ဆက်ပြောသည်။
“ပစ္စည်းတွေကလည်း ရောင်းစရာလည်း မရှိဘူး။ ရှိတာလေးတွေ သွားခင်းကြရတယ်။ … ဈေးချိုရုံထဲမှာတော့ လာဝယ်သူ လုံးဝကိုမရှိတာ။ (ကပ်လျက်) မန်းမြန်မာပလာဇာထဲတော့ အနည်းအကျဉ်းရှိတယ်။ ဒါပေမဲ့ တော်တော်ကိုနည်းပါတယ်” ဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။
အရပ်သားအစိုးရကို ဖြုတ်ချ၊ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို ကိုယ်ပိုင်ဆိုင်ခန်းများ ပိတ်သည့်နည်းဖြင့် မန္တလေးဈေးချိုတော်ပိုင်ရှင်များက ကာလရှည်သပိတ်မှောက်ထားကြခြင်းဖြစ်သည်။
မန္တလေးမြို့အထင်ကရ ဈေးချိုတော် ပြန်လည်စည်ကားရန် ယမန်နှစ် အောက်တိုဘာမှစ၍ စစ်ကောင်စီက ဖိအားပေးနေသော်လည်း ဆိုင်ခန်းသိမ်းမည်ဟု နောက်ဆုံးခြိမ်းခြောက်မှုမတိုင်မီကပင် ကြောက်လန့်၍ ပြန်ဖွင့်သည့် ဆိုင်အရေအတွက် အနည်းငယ်သာရှိသည်ဟု အထက်ပါ နှစ်ဦးက ပြောသည်။
သို့သော် ဆိုင်ခန်းပေါင်း ထောင်ချီရှိသည့် မန္တလေး ဈေးချိုတော်တွင် ဆိုင်ခန်းမည်မျှ ပြန်ဖွင့်၍ မည်မျှပိတ်ထားသည်ကိုမူ တိကျစွာ သိရှိရခြင်းမရှိသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။
ဈေးချိုမြေညီထပ် အဆောင်A တစ်ခုတည်းတွင်ပင် ဆိုင်ခန်းပေါင်း (၁၀၀) ကျော်ရှိကြောင်း၊ ဈေးကြီးတစ်ခုလုံးတွင် ဆိုင်ခန်းထောင်ချီကြောင်း၊ ဆိုင်ခန်းတစ်ခန်းလျှင် ပုံမှန်ရနေကျ လစဉ် အခွန်နှင့် မီတာခ ကျပ် ၄၀၀၀၀ဝန်းကျင်ကို စစ်ကောင်စီက လိုချင်၍ ဖြစ်နိုင်ကြောင်း ဆိုင်ခန်းပိုင်ရှင် အခြားတစ်ဦးက ဇွန် ၃ ရက်တွင် မှတ်ချက်ပြုထားဖူးသည်။
“အများညီရင်တော့ ကောင်းတာပေါ့။ နိုင်ငံရေးကလည်း မကောင်း၊ ဗုံးခွဲတာတို့လည်း ကြောက်ရသေးတယ်။ အလုပ်တွေလည်း မဖြစ်ရတဲ့ကြားထဲ မဖွင့်ချင်ဘူး” ဟု သူက ဆိုသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မန္တလေးတွင် ဈေးချိုတော်အပြင်၊ ရတနာပုံဈေး၊ မန်းမြန်မာပလာဇာနှင့် အခြားဈေးကြီးများရှိ ဆိုင်ခန်းများလည်း ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ပိတ်သိမ်းထားကြသည်။
ထိုဈေးများ၏ လက်ရှိအခြေအနေအသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပါ။
မြန်မာနိုင်ငံအလယ်ပိုင်းတွင်ရှိပြီး ကဗျာ၊ စာပေ၊ အနုသုခုမမြို့တော်ဟု ထင်ရှားသည့် မန္တလေးမြို့တွင် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ် နည်းလမ်းပေါင်းစုံသုံး၍ စစ်ကောင်စီက ဖိနှိပ်နေသည်။
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီ၏ ပစ်မှတ်များကို ဒေသခံတော်လှန်ရေးအဖွဲ့များကလည်း တုံ့ပြန်တိုက်ခိုက်နေသည်။ ယမန်နှစ် နှစ်ကုန်ပိုင်းကပင် စစ်ကောင်စီက အတင်းအကျပ် ပြန်ဖွင့်စေခဲ့သည့် မန္တလေး ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း ဗုံးခွဲတိုက်ခိုက်ခံရဖူးသည်။
သို့သော် မန္တလေးမြို့တွင် ပုံမှန်အခြေအနေအတိုင်း စည်စည်ကားကားဖြစ်နေပြီဟူသည့် ပုံရိပ်ကို စစ်ကောင်စီက ပြလို၍ ဈေးချိုတော်ကို အတင်းအကျပ် ပြန်ဖွင့်ခိုင်းခြင်းဖြစ်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် မြို့ခံကဗျာဆရာတစ်ဦးက မှတ်ချက်ပြုထားသည်။
“ဈေးချိုဆိုတာ မန္တလေးပြည်သူတွေရဲ့ အသည်းနှလုံးပဲ။ အဲဒီအသည်းနှလုံးက မကျန်းမာခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ ဘယ်သူက စည်ကားအောင် ဖွင့်ဖွင့် ပြည်သူက လက်မခံရင် တိတ်ဆိတ်ခြောက်ကပ်နေမှာပဲ။ အတင်းလုပ်ယူလို့ မရဘူး”။
စီးပွားရေးမြို့တော် ရန်ကုန်တွင် ပျားပန်းခပ်မျှ စည်ကားလေ့ရှိသည့် မြန်မာပလာဇာမှာ ၂၀၂၁ နိုဝင်ဘာ ၂၅ ရက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် လူငယ်အချို့ကို တားမြစ်ခဲ့ပြီးနောက်တွင် ပြည်သူတို့၏ သပိတ်မှောက်မှုကို ကြုံရသဖြင့် ယနေ့တိုင် ခြောက်ကပ်နေဆဲဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



