
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းလာသည့် စစ်ကောင်စီ သင်္ဘော ၃ စီးကို စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာမြို့အနီးတွင် ယမန်နေ့ (ဇွန် ၇) က ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခဲ့သည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သည့် ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်ဘက်မှ စုန်ဆင်းလာသည့် ထိုသင်္ဘောများကို ထိုနေ့ မွန်းလွဲ ၃ နာရီ ကသာမြို့မရောက်မီ မိုင်အနည်းငယ်အလို နလယ်အင်းရွာအနီးတွင် ကျောင်းသားတပ်မတော် (ABSDF) နှင့် ပေါင်း၍ မြစ်ကမ်းနှစ်ဖက်မှ ညှပ်၍ နှစ်ကြိမ် ပစ်ခတ်ခဲ့ရာ ၃ စီးစလုံး ထိမှန်သည်ဟု ၎င်းက ဆိုသည်။
ဧရာဝတီမြစ်တွင်းသွား အရပ်ဘက်သုံး တစ်ထပ်သင်္ဘောများကို သုံးသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်သည့် တည်နေရာနှင့် ဖြစ်စဉ်သေးစိတ်ကိုမူ မသိရပေ။
ကောင်းကင်ဓာတ်ပုံအရ နလယ်အင်းရွာသို့ ဖြတ်သန်းစီးဆင်းနေသည့် ဧရာဝတီမြစ်အလယ်တွင် သောင်များထွန်းနေသည်ကို တွေ့ရသည်။
ပထမတစ်ကြိမ် ၆ လုံးဖြင့် ပစ်ခတ်ရာ နောက်ဆုံးမှ သင်္ဘော ၂ စီး၊ မိနစ်အနည်းငယ်အကြာတွင် ၄ လုံး ထပ်ပစ်ရာ ရှေ့ဆုံးမှ သင်္ဘောကို ထပ်မံထိမှန်ခဲ့သည်ဟု အထက်ပါ PDF က ပြောသည်။
“သုံးစီးလုံး ထိတာ၊ ဟိုဘက်ကမ်းရော ဒီဘက်ကမ်းရော ပစ်တာမှာ အလယ်အစီးက ပိုထိတယ်၊ အထဲက ထိခိုက်ဒဏ်ရာရတာတော့ မသိရဘူးပေါ့”။
ရှေ့တိုက်ဒုံးဖြင့် ပစ်ခံရသည့် စစ်ကောင်စီက သင်္ဘောပေါ်မှ စက်သေနတ်ဖြင့် ပစ်သဖြင့် ABSDF ရဲဘော်တစ်ဦး လက်တွင် ဒဏ်ရာရသည်ဟု ထို PDF က ပြောသော်လည်း အသေးစိတ်မသိရပေ။
စစ်ကောင်စီ သင်္ဘော ၃ စီး ပစ်ခတ်ခံရသည်မှာ မှန်ကန်ကြောင်း၊ ယမန်နေ့တွင် ကသာမြို့ သဖန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ကာ ဒဏ်ရာရသူများကို လူနာတင်ကားဖြင့် ကသာဆေးရုံသို့ ပို့ခဲ့ကြောင်း မျက်မြင် မြို့ခံ အမျိုးသမီးက ပြောသည်။
သင်္ဘောများ ပျက်စီးမှုအခြေအနေကို မသိရသော်လည်း စစ်တပ်သုံး Double Cub ကား ၂ စီး၊ လူနာတင်ယာဉ် ၁ စီးဖြင့် ၄ ကြိမ်ခန့် သယ်ဆောင်သည်ကို တွေ့ရသဖြင့် ဒဏ်ရာရသူများနိုင်သည်ဟု ထိုအမျိုးသမီးက ခန့်မှန်းသည်။
ထိုနေရာသို့ ရောက်ရှိချိန်တွင် ကိုယ်တိုင်မြင်တွေ့ရသည့် စစ်သား ၃ ဦးမှာမူ ဝမ်းဗိုက်ဒဏ်ရာရသူ ၁ ဦး၊ လက်ဒဏ်ရာရသူ ၂ ဦး ဖြစ်မည်ဟု ၎င်းက သုံးသပ်သည်။
“မှန်လုံ (လူနာတင်ယာဉ်) တွေနဲ့ သယ်သွားတွေတော့ မမြင်ရဘူး” ဟု ထိုအမျိုးသမီးက ပြောသည်။
လူနာများကို ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ထိုသင်္ဘောများ နေ့တွင်းချင်းပင် မုံရွာဘက်သို့ ဆက်လက် စုန်ဆင်းသွားကြောင်း၊ ကသာမြို့အခြေစိုက် တပ်စခန်းတစ်ခုမှ ခုတင်နှင့် ပရိဘောဂများကို တင်ဆောင်သွားသည်ဟု ကြားကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသင်္ဘော ၃ စီး မည်သည့်အရပ်မှ လာ၍ မည်သို့ ဦးတည်သည်၊ မည်သည့်ပစ္စည်းများ သယ်ဆောင်လာသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ယနေ့ (ဇွန် ၈) တွင် ထိုရေယာဉ်များကို လုံခြုံရေးပေးရန် မြေပြင်မှ လှုပ်ရှားနေသည့် စစ်ကောင်စီတပ်က နလယ်အင်းရွာအနီးရှိ မင်းလယ်ရွာဘက်သို့ ရောက်လာကြောင်း၊ တော်လှန်ရေးအင်အားစုနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း အထက်ပါ ကသာ PDF ထံမှ သိရသည်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု မြင့်မားသည့် ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် စစ်ကြောင်းများ လှုပ်ရှားနေရာ အရပ်သားနှင့် တော်လှန်ရေးအင်အားစုများ ဖမ်းဆီးခံနေရကြောင်း၊ စစ်တပ်ကို ဇွန်လ ပထမပတ်၌ပင် မိုင်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း PDF ဘက်က ဆိုသည်။
အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ စစ်ကိုင်းတိုင်းသည် ရှေ့တန်းမှ ပါဝင်နေပြီး ကချင်ပြည်နယ်နှင့် ထိစပ်သည့် ကသာမြို့နယ်အတွင်းရှိ ဒေသများလည်း ပါဝင်သည်။
သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် ကချင်အဖွဲ့ (KIA) ရှိရာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ လူအင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်ခြင်း၊ ကချင်ပြည်နယ်ဘက်မှ ကျောက်စိမ်းသယ်ယူခြင်းတို့ကို စစ်ကောင်စီက ဆောင်ရွက်ရာတွင် ကသာမြို့နယ်ကို ဖြတ်သန်းသွားသည့် ဧရာဝတီမြစ်ကြောင်းခရီးကို မကြာခဏ အသုံးပြုနေသည်။
စစ်ကောင်စီ၏ ထိုသင်္ဘောများကို စစ်ကိုင်း-ကချင် နယ်စပ်မျဉ်းအနီးရှိနေသည့် ကသာမြို့အပါအဝင် ထီးချိုင့်၊ ရွှေကူ၊ မြို့လှ စသည့် ဒေသအခြေစိုက် PDF အဖွဲ့များက ရရာလက်နက်ဖြင့် ဆက်တိုက် တိုက်ခိုက်နေသော်လည်း ကြီးကြီးမားမား ပျက်စီးဆုံးရှုံးသည့် ဖြစ်စဉ်မရှိသေးပေ။
အထက်ပါ တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)