
မကွေးတိုင်း၊ ပခုက္ကူ၊ ကျပ်ထိုးနယ်မြေရဲစခန်းကို ယနေ့ (ဇွန် ၈) သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်များ စစ်ကူရောက်လာ၍ ပြန်ဆုတ်ခွာခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Pakokku- People Defense Force-PPDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နံနက် ၆ နာရီခွဲခန့်တွင် မြို့တောင်ဘက်၊ မြစ်ခြေ-ကံမ္မလမ်းပေါ်ရှိ ကျပ်ထိုးရွာအခြေစိုက် နယ်မြေရဲစခန်းကို တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်အဖွဲ့ ခေါ် ပျူစောထီးတို့ ကား ၃ စီးဖြင့် စစ်ကူရောက်လာသည်ဟု ဆိုသည်။
မြစ်ခြေမြို့ဘက်မှ လာသော အရပ်ဘက်သုံးကားတစ်စီးတွင် စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့် လိုက်ပါလာပြီး ကံမ္မမြို့ဘက်မှ လာသော ကား ၂ စီးတွင်လည်း ရဲ၊ စစ်သားနှင့် ပျူစောထီးတို့ အပြည့်လိုက်လာသည်ဟု PDF က ပြောသည်။
ထိုမော်တော်ယာဉ်များကို မြစ်ခြေ-ကံမ္မလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ PDF ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
“မြစ်ခြေဘက်ကရော ကံမ္မဘက်ကရော စစ်သားနဲ့ ပျူတွေ စစ်ကူလာတယ်။ မြစ်ခြေဘက်ကလာတဲ့ (အရပ်) ကားတစ်စီးကို မိုင်းဆွဲလိုက်နိုင်တယ်။ ကံမဘက်က လာတဲ့ ရဲကားတစ်စီးနဲ့ Double Cab တစ်စီးရယ်ကို ဆွဲလိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
“အတွင်းသတင်းအရ မိုင်းထိတာတွေနဲ့ စုစုပေါင်း ၂၀ ကျော်တယ်လို့ သိရတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေ အများကြီး။ မြစ်ခြေဆေးရုံမှာလည်း အပြည့်။ ပခုက္ကူဆေးရုံကို အရေးပေါ်သွားတာလည်း ၁၀ ဦးလောက် ရှိတယ်လို့ သိရတယ်”
သို့ရာတွင် မိုင်းထောင်ထားသောနေရာများကို ကျော်လာနိုင်သည့် စစ်ကောင်စီယာဉ်တစ်စီးက ရဲစခန်းရှေ့ ပိတ်ရပ်ကာ ပစ်ကူပေးသောကြောင့် စခန်းကို မသိမ်းနိုင်ခဲ့ဘဲ တပ်ပြန်ဆုတ်ခဲ့ရခြင်း ဖြစ်သည်သည်ဟု ပခုက္ကူ PDF ထံမှ သိရသည်။
“ကျွန်တော်တို့ အစက (စခန်းကို) မီးရှို့မယ်လို့ လုပ်ထားတာ။ စခန်းကို နောက်ဆုံးသိမ်းခါနီးကျမှ မိုင်းထောင်ထားတဲ့ ပွိုင့်တွေကို ကျော်လာနိုင်တဲ့ စစ်ကားတစ်စီးက စခန်းရှေ့ထိုးလာပြီး ကားပေါ်ကနေ ဆွဲပြီးပစ်တော့ ရဲဘော်တွေ အကုန်လုံး ဆုတ်ခဲ့ရတယ်” ဟု တာဝန်ခံက ပြောသည်။
ရဲစခန်းမှာမူ PDF များပစ်လိုက်သော လက်နက်ကြီးများကြောင့် အကောင်းအတိုင်း မကျန်ရှိတော့ကြောင်း၊ ပြန်ဆုတ်ချိန်တွင် ကာပစ်ပေးသော PDF အဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ် ကိုဂလော့ (Glock) ဆိုသူ ကျည် ၃ ချက် ထိမှန် သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။
“ကျန်တဲ့အဖွဲ့တွေကို ဆုတ်ခိုင်းပြီး သူက ရှေ့ကနေ ခံပစ်နေခဲ့တာ အဲဒီမှာ ကျသွားတာ။ ကျန်တဲ့လူတွေ အကုန် ဆုတ်လာနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ခံရသော ထိုရဲစခန်းမှ ရဲတစ်ဦး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သွားပြီးနောက် စစ်ကောင်စီတပ်များက ယင်းစခန်းတွင် ရောက်ရှိနေကြောင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ဒေသများ၌ ပျူစောထီးများ လက်နက်ပြည့်စုံ၊ အင်အားများပြားကြောင်း ဒေသခံများနှင့် PDF ထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့က ကျပ်ထိုးနယ်မြေရဲကင်းစခန်းမှ ရဲတပ်သား ကိုဖြိုးမင်းအောင် (ကိုယ်ပိုင်အမှတ် လ-၂၇၇၃၁၇) လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အာဏာဖီဆန်ခဲ့သဖြင့် မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး – MVRF က ကျပ်သိန်း ၁၀၀ ပြန်ချီးမြှင့်ခဲ့သည်ဟု သိရသည်။
ပခုက္ကူ PDF သည် မေ ၂၀ ညနေ ၃ နာရီအချိန်က ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ယနေ့ ရဲစခန်းစစ်ဆင်ရေးတွင် သေဆုံးခဲ့သူ PDF တပ်ဖွဲ့ဝင် ကိုဂလော့ (Glock) ဆိုသူမှာ အထက်ပါ တိုက်ခိုက်မှုတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်ဟု ပခုက္ကူ PDF က ပြောသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)