
ယနေ့ (ဇွန် ၆ ) နံနက် ၆ နာရီခန့်က မန္တလေးမြို့မှ ရာအိမ်မှူးတစ်ဦး နေအိမ်ရှေ့၌ ရှိနေစဉ် အမျိုးသမီးတစ်ဦးက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်ကွက်သစ်ရပ်ကွက်၊ ကွက်သစ်(၉)၊ ၇၈ လမ်းနှင့် မင်္ဂလာလမ်းထောင့်အနီး နေထိုင်သူ ဦးသိန်းစိုး ခေါ် ဦးလှအောင်သည် နေအိမ်ရှေ့၌ သားဖြစ်သူနှင့်အတူ အကြော်ရောင်းနေစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။
“အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး အမျိုးသမီးက ပစ်သတ်သွားတာလို့ ရပ်ကွက်ထဲမှာတော့ ပြောနေကြတယ်။ မြင်လိုက်သူတွေရှိတယ်။ အမျိုးသမီးက ပစ်တာ” ဟု ၎င်းက မျက်မြင်သက်သေများကို ကိုးကား၍ ဆိုသည်။
ဝမ်းဗိုက်နှင့် နံကြားတို့ကို ကျည်ထိသေဆုံးသူသည် စစ်ကောင်စီ၏ ကျူးကျော်နေထိုင်သူများ ရှင်းလင်းရေးအစီအစဉ်များတွင် ပါဝင်ကူညီသူဟု နာမည်ထွက်နေသည့်အတွက် ပစ်သတ်ခံရခြင်းဖြစ်နိုင်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
ရဲဘော်ကွက်သစ်ရပ်ကွက်ကို ယခုနှစ် ဖေဖော်ဝါရီတွင် တာဝါတိုင်ဓာတ်ကြိုးနှင့် မလွတ်ဟုဆိုကာ အိမ်ခြေ ၂၀၀ ခန့်ကို စစ်ကောင်စီက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမှ ကြေညာချက်ထုတ်ပြန်ထားခြင်း မရှိသေးသလို ပိုမိုသိရှိနိုင်ရေးအတွက် ပြည်ကြီးတံခွန်ရဲစခန်းနှင့် စစ်ကောင်စီတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ဇွန် ၄ ရက်နေ့ကလည်း ပြည်ကြီးတံခွန် (ဂ) ရပ်ကွက်၊ ၁၁၆ လမ်းနှင့် ၇၃ လမ်းအနီး ကျူးကျော်နေထိုင်မှုရှင်းလင်းရေး ဆောင်ရွက်နေသူများကို လူတစ်စုက လာရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး ကျည် ၂ ချက်ထိမှန်ပြီး တပ်သားတချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။
“တစ်ကောင် ထိတယ်။ ရင်ဘတ်မှန်တာလို့ ကြားတယ်။ သေမသေတော့ မသိဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီး တစ်နှစ်ခန့်မှစ၍ မန္တလေးမြို့တွင် ကျူးရှင်းလင်းရေးဆိုကာ အချက်အချာကျသည့်နေရာများ၊ နေအိမ်များကို ဘူဒိုဇာများဖြင့် ထိုးပြီး ဖယ်ရှားခြင်း၊ အင်အားသုံးကာ ဖြိုဖျက်ခြင်းများ နေ့စဉ်ပြုလုပ်နေသည်။
ထိုသို့ရှင်းလင်းခဲ့သည့် နေအိမ်များထဲမှ အချို့သည် ဂရန်အမည်ပေါက် ဝယ်ယူနေထိုင်ကြသူများဖြစ်သည်ဟု မြို့ခံများက ပြောသည်။
စစ်ကောင်စီက မန္တလေးမြို့ရှိ ဗထူးကွင်းတိုက်တန်းကဲ့သို့သော အချက်အချာကျသည့်နေရာများတွင် နေထိုင်သူတို့ကိုပါ ဖိအားပေးဖယ်ရှားခိုင်းနေသည်ကို တွေ့ရသည်။
ထိုကဲ့သို့လုပ်ရပ်များကို ဟန့်တားလိုသည့် မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်သော Generation Z Power – GZP (Mandalay) က ဇွန်လ ၄ ၌ အထက်ပါ တုံ့ပြန်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။
ယင်းတိုက်ခိုက်မှုအပြီး စစ်ကောင်စီက အဆိုပါရပ်ကွက်လမ်းများကို ပိတ်ဆို့ စစ်ဆေးရှာဖွေခဲ့သော်လည်း GZP ပြောက်ကျားအဖွဲ့သားများ လွတ်မြောက်ခဲ့သည်ဟု သိရသည်။
တိုက်ခိုက်သူအမျိုးသားတစ်ဦးကို လက်ပစ်ဗုံးနှင့် အရှင်ဖမ်းမိသည်ဟု စစ်ကောင်စီက ယင်းညပိုင်းတွင် သတင်းလွှင့်ခဲ့သည်။
သို့သော်လည်း GZP က ၎င်းတို့အဖွဲ့ဝင်များ ထိုနေရာတွင် အဖမ်းမခံရကြောင်း၊ ၎င်းတို့တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ယခုရက်ပိုင်းတွင် မန္တလေးမြို့၌ လုံခြုံရေးတင်းကျပ်ထားသည့်ကြားက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲများ ပစ်သတ်ခံနေရသည့် သတင်းများ ထွက်ပေါ်နေသည်။
ဇွန် ၃ ညနေတွင်လည်း ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှ ရဲတပ်သား ရာဇာသိန်း ထိုမြို့နယ်၊ ရေနီမြောင်းဘောင်ပေါ်တွင် အသတ်ခံခဲ့ရပြီး နောက်တစ်နေ့ ညနေပိုင်း၌ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသည် ၎င်း၏နေအိမ်ရှေ့တွင် ပစ်သတ်ခံရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)