
ယမန်နေ့ (ဇွန် ၅) နေ့လယ်ပိုင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က အနီးရှိ ရွာသို့ သွားရောက်ကာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ပြီး ရွာကို မီးရှို့ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့ ၂ ခုထံမှ သိရသည်။
ထိုအမျိုးသားမှာ ဒဏ်ရာရရှိထားစဉ် အဖမ်းခံရခြင်း ဖြစ်သည်ဟု Farmers Revolution Force – FRF ချောင်းဦးမြို့နယ်တာဝန်ခံက ပြောသည်။
“ရွာခံကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်က (မိုင်း) ဆွဲဖို့ စောင့်နေတာ။ ဆုတ်တဲ့အချိန်မှာ ကျည်ထိပြီး မိသွားတယ်။ မပြေးနိုင်တော့တဲ့အခြေအနေမှာ အဖမ်းခံရပြီး မီးရှို့အသတ်ခံလိုက်ရတယ်။ ကြိုးနဲ့ချည်၊ ရိုက်နှက်ပြီးမှ မီးရှို့တာ” ဟု သူက ပြောသည်။
ချောင်းဦး-အမြင့်လမ်းဘေးမှ အိမ်ခြေ ၁၀၀ ကျော်ရှိသည့် တပယ်အင်းရွာတွင် မီးရှို့သတ်ဖြတ်ခံရသူ ရွာခံကာကွယ်ရေးတပ်ဖွဲ့ဝင်မှာ အသက် ၃၀ အရွယ် ကိုကံမြင့်သူဖြစ်ပြီး သူ၏ ရုပ်အလောင်းတင်ထားသော ဖျာ၊ ခန္ဓာကိုယ်နှင့် အဝတ်အစားတို့ မီးလောင်ထားသည်ကို Myanmar Now က ရရှိသည့် မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များ အင်အားကောင်းသည့် မြို့အနောက်ဘက် ၅ မိုင်ခန့်ကွာ ကံစီးရွာတွင် တပ်စွဲထားစဉ် ဝင်တိုက်ခံရခြင်းကို ရွာမီးရှို့သည့်နည်းဖြင့် ချက်ချင်း လက်စားချေခြင်းဖြစ်သည်ဟု FRF က ပြောသည်။
“ရွာက တော်တော်များများပါသွားတယ်လို့ ရွာခံတွေဆီက သိရတယ်။ စိတ်လည်း မကောင်းဘူးပေါ့။ သူတို့တပ်စွဲထားတဲ့ ရွာအနောက်ဘက်ကရွာကို အရှေ့ဘက်က ပျူစောထီးတွေပါ စစ်ကူလာပြီး ရှို့သွားတာ။ … သူတို့ကတော့ ခံရပြီဆိုရင် ဘေးနားရွာနီးချုပ်စပ်ကဟာတွေကို မဲတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင် ၁၉ ဖွဲ့က ဗုံးတပ်ဒရုန်း၊ ဆွဲမိုင်းများ အသုံးပြု တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ နေ့ခင်းပိုင်းက ဗုံးတပ်ဒရုန်း ၆ လုံး အသုံးပြု၍ ကနဦးတိုက်ခိုက်ရာ ၃ လုံးသာ ပေါက်ကွဲသွားကြောင်း၊ ထို့နောက် ရွာအပြင်ကို ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကံစီးရွာနှင့် တပယ်အင်းရွာကြား ၂ နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦး FRF က ဆိုသည်။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဟု ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးကြောင်း၊ မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုအတွင်းတွင်လည်း ၂ ဦး သေဆုံးကြောင်း ချောင်းဦး FRF က ထုတ်ပြန်ထားသည်။
မြို့ခံတစ်ဦးကလည်း မိုင်းထိစစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က တပယ်အင်းရွာကို မီးရှို့သွားကြခြင်းဖြစ်သည်ဟု ပြောသည်။
“ဗုံးတပ်ဒရုန်းနဲ့ ချပြီးတော့ ဟိုကောင်တွေက သေနတ်နဲ့ ပစ်တာ။ ပစ်တဲ့အဖွဲ့လည်း ဆုတ်သွားတော့ ရွာထဲကို မီးဝင်ရှို့သွားတာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်၊ ဧပြီလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းဦးမြို့ အနောက်ဘက်ရှိ ယာကြီး၊ ဝယာ၊ ဆီပန်းကန်၊ အင်းမရွာများကို ဝင်ရောက်ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀၀ ထက်မနည်း ပျက်စီးခဲ့သည်။
စစ်ကောင်စီက ၎င်းတို့၏တပ်များ အိမ်မီးရှို့ခြင်းမရှိဟု မကြာခဏ တုံ့ပြန်ထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)