စစ်တပ် အာဏာသိမ်းကတည်းက မဖွင့်ဘဲထားသည့် မန္တလေးမြို့၏ နာမည်ကျော် ဈေးချိုတော်ရှိ ဆိုင်ခန်းများကို ဇွန် ၇ ရက်နေ့ နောက်ဆုံးထားဖွင့်လှစ်ရန် စစ်ကောင်စီက ခြိမ်းခြောက်လိုက်သည်။
ပြီးခဲ့သည့်လတွင် ဈေးချိုစည်ပင်သာယာရေးဌာနက သတိပေးစာကို ဆိုင်ခန်းများတွင် လိုက်ကပ်ခဲ့ကြောင်း၊ ဆိုင်မဖွင့်လျှင် ဇွန် ၈ရက်မှစ၍ စည်ပင်ပိုင် သိမ်းမည်ဟု စာတွင် ပါဝင်ကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ပြောသည်။
ကိုယ်ပိုင်ဆိုင်ခန်းများကို ပိတ်ထားသည့်နည်းလမ်းဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြခဲ့ကြသည့် ဈေးချိုတော်ရှိ ဆိုင်ခန်းများကို ပြန်ဖွင့်ရန် စစ်ကောင်စီက အကြိမ်ကြိမ်ဖိအားပေးနေရာ ယခုတွင်မူ ခြိမ်းခြောက်သည့်အဆင့်သို့ ရောက်လာသည်ဟု ၎င်းတို့က ပြောသည်။
“ခုက ပိတ်သိမ်းတဲ့အထိ လုပ်မယ်ဆိုတော့ ဘာလုပ်ရမှန်းကို မသိတော့ဘူးဖြစ်နေတယ်” ဟု အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
ဈေးချိုတော်၊ ရတနာပုံဈေး၊ မန်းမြန်မာပလာဇာတို့အပါအဝင် မန္တလေးမြို့ရှိ ဈေးကြီးများ၏ ဆိုင်ခန်းအများအပြားမှာ အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ပိတ်သိမ်းထားကြသည်။
ထိုဈေးများအနက် ဈေးချိုတော် ပြန်လည်စည်ကားစေရန် စစ်ကောင်စီက ယမန်နှစ် အောက်တိုဘာမှစ၍ ကြိုးပမ်းနေသော်လည်း ကြောက်လန့်၍ ဖွင့်သည့် ဆိုင်အချို့မှအပ အများစုက လက်မခံ၍ ယနေ့တိုင် မအောင်မမြင်ဖြစ်နေရသည်ဟု ဆိုင်ခန်းရှင်အချို့ထံမှ သိရသည်။
“တချို့ကတော့ သူတို့လက်ထက် အခွန်မပေးဘူး။ စည်ကားသိုက်မြိုက်နေတာ မပြချင်ဘူးဆိုတဲ့ စိတ်နဲ့ မဖွင့်ကြတာပေါ့။ တချို့ကျတော့ သူတို့ကောက်ခံတဲ့ အခွန်တွေ မီတာခတွေ မပေးနိုင်လို့၊ မကိုက်လို့ မဖွင့်ကြတာ။ ဒီကာလ ဘယ်သူမှလည်း မဝတ်နိုင်မစားနိုင်ကြနဲ့ အရောင်းအဝယ်တွေကလည်း မဖြစ်ဘူးလေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
ဈေးချိုမြေညီထပ် အဆောင် A တစ်ခုတည်းတွင်ပင် ဆိုင်ခန်းပေါင်း (၁၀၀) ကျော်ရှိကြောင်း၊ ဈေးကြီးတစ်ခုလုံးတွင် ဆိုင်ခန်းထောင်ချီကြောင်း၊ ဆိုင်တစ်ခန်းလျှင် ပုံမှန်ရနေကျ လစဉ် အခွန်နှင့် မီတာခ ကျပ် ၄၀၀၀၀ ဝန်းကျင် စစ်ကောင်စီက ဆုံးရှုံးနေကြောင်း ဆိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော့်ဆိုင်ကတော့ ဖွင့်မဖွင့် စဉ်းစားတုန်းပဲ။ တစ်နှစ်ကျော်လည်း မဖွင့်ဘဲ နေခဲ့တာ။ မဖွင့်ကြဘူးဆိုလည်း အများညီရင်တော့ ကောင်းတာပေါ့ဗျာ။ နိုင်ငံရေးကလည်း မကောင်း၊ ဗုံးခွဲတာတို့လည်း ကြောက်ရသေးတယ်။ အလုပ်တွေလည်း မဖြစ်ရတဲ့ကြားထဲ ဖွင့်လည်းမဖွင့်ချင်ဘူး” ဟု သူက ပြောသည်။
မန္တလေးဈေးချိုတော်ဆိုင်ခန်းများ ပြန်ဖွင့်ရေး၊ မဖွင့်ရေးနှင့် ပတ်သက်၍ မန္တလေးကဗျာဆရာတစ်ဦးက ပြည်သူလက်မခံလျှင် မအောင်မြင်နိုင်ဟု သုံးသပ်သည်။
“ဈေးချိုဆိုတာ မန္တလေးပြည်သူတွေရဲ့ အသည်းနှလုံးပဲ။ အဲဒီအသည်းနှလုံးက မကျန်းမာခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ ဘယ်သူက စည်ကားအောင် ဖွင့်ဖွင့် ပြည်သူက လက်မခံရင် တိတ်ဆိတ်ခြောက်ကပ်နေမှာပဲ။ အတင်းလုပ်ယူလို့ မရဘူး” ဟု ကဗျာဆရာက ပြောသည်။
မန္တလေးတွင် စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက အခွန်ငွေပုံမှန်ရသည့် ဈေးများနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစန်းတို့ကို ပြန်ဖွင့်ရန် ကြိုးပမ်းနေသော်လည်း ယနေ့တိုင် မြို့ခံများ၏ ဆန့်ကျင်မှုနှင့် ကြုံနေရဆဲဖြစ်သည်။
မန္တလေးမဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းအတွင်း အရောင်းအဝယ်များ ပုံမှန်ပြန်ဖြစ်စေရန် အတင်းအကျပ်ဖိအားပေးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။ ထိုစခန်းမှာ ယခုအခါ အတန်အသင့် ပြန်လည်စည်ကားနေပြီဖြစ်သည်။
“သူတို့က တိုင်းပြည်က ပုံမှန်ပါပဲ… အားလုံး စည်ကားသိုက်မြိုက်နေကြောင်း ပြချင်တာလေ။ အဲဒါကြောင့် သူတို့လက်ထက်မို့လို့ကို မဖွင့်ချင်တာ။ စီးပွားရေးတော့ ကျပ်တည်းလာတာပေါ့။ ဒါပေမဲ့ သေကြေ ဒုက္ခရောက်နေသူတွေ၊ နေအိမ်တွေမီးရှို့ခံရသူတွေကို အားနာရမယ်” ဟု ကျောက်မျက်ဆိုင်ခန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရှိပြီး ကဗျာ၊ စာပေ၊ အနုသုခုမမြို့တော်ဟု ထင်ရှားသည့် မန္တလေးမြို့တွင် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်သည့် နည်းလမ်းပေါင်းစုံသုံး၍ စစ်ကောင်စီတပ်က လုပ်ဆောင်နေသည်။
စစ်ကောင်စီကမူ ဥပဒေအတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောလေ့ရှိသည်။
ဆန္ဒပြလျှင်ပင် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံကြသည့်နည်းတူ မန္တလေးလည်း ပါဝင်ပြီး စစ်ကောင်စီပစ်မှတ်များ မကြာခဏတိုက်ခိုက်ခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)