သတင်း

ဆိုင်ကယ်ပိတ်ပင်သည့် ကော့မှူးတွင် ၃၀ ကျော် ထပ်အဖမ်းခံရ

ရန်ကုန်တိုင်းတောင်ပိုင်း ကော့မှူးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်ခံထားရပြီး ဒေသခံ ၃၀ ကျော်လည်း ဖမ်းဆီးစစ်ဆေးခံနေရသည်။

ငှက်အော်စမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်း၊ ဇနီး ဒေါ်မြမြမိုးတို့ မေ ၃၀ တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီးနောက် အနီးဝန်းကျင်ရှိ ရွာများကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကျပ်လိုက်ပြီး ဒေသခံများကို ဇွန် ၂ ရက်နေ့ညက ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

“ညက ၁၀ နာရီလောက်ပေါ့၊ ငှက်အော်စမ်းကို သန်းခေါင်စာရင်းဝင်စစ်တယ် အုပ်ကြီး (အုပ်ချုပ်ရေးမှူး) အိမ်နားက ဘေးပတ်ပတ်လည် အိမ် ၃၀ လောက်ကို စစ်သွားတယ်။ ည ၂ နာရီလောက်မှာ ရေတာရှည်ရွာကို ဝင်ပြီးတော့ ယောက်ျားလေးချည်း ၂၅ ယောက် ဖမ်းသွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။

လုပ်ကြံခံရသူ နှစ်ဦးအနက် ဒေါ်မြမြမိုးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးကာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းမှာ ဆေးကုသမှု ခံယူနေသည်။

အဆိုပါ လုပ်ကြံမှုအပြီး ငှက်အော်စမ်းကျေးရွာအနီးဝန်းကျင်ရှိ အဖျောက်၊ နတ်ရေတွင်း၊ ဘုရားနီ၊ ရေဖြူတွင်း၊ တကူပုံ၊ ညောင်ထောက် ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီး အမျိုးသမီး ၂ ဦး အပါအဝင် အသက် ၂၀ မှ ၃၀ ကြား ဒေသခံများကိုလည်း ဖမ်းဆီးထားသည်။ 

“ဒီရက်ထဲမှာတော့ အကုန်လှည့်ပတ်ဖမ်းနေတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စုစုပေါင်းအဖမ်းခံထားရသူ အယောက် ၃၀ ကျော်ကို ကော့မှူးမြို့နယ်အားကစားခန်းမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက စစ်ဆေးနေသည်ဟုလည်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် ငှက်အော်စမ်းကျေးရွာရှိ လူမနေသည့်အိမ်များနှင့် ဓမ္မာရုံတို့တွင် စစ်ကောင်စီတပ်သား ၃၀ ခန့် ဇွန်လ ၃ ရက်ခန့် တပ်စွဲထားသည်၊ ရပ်ရွာက အလှည့်ကျ ထမင်းကျွေးနေရသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲကလူတွေကို အဖွဲ့ဖွဲ့ခိုင်းထားပြီးတော့ အလှည့်ကျပေါ့၊ ဒီအဖွဲ့ကလည်း သူတို့ပိုက်ဆံနဲ့သူတို့ မကျွေးနိုင်ဘူးလေဗျာ၊ ခိုင်းလို့သာ လုပ်ရတာ အဲဒီတော့ ရွာထဲက လိုက်ကောက်ပြီးတော့ ချက်ကျွေးနေရတယ်” ဟု ပြောသည်။

ထိုပစ်ခတ်မှုမှာ 5 Brothers Younger ဆိုသောအဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။ 

ထိုပစ်ခတ်မှုအပြီး ဇွန် ၂ မှစ၍ ငှက်အော်စမ်းရွာအပါအဝင် ရွာပေါင်း ၆၀ ကျော်ကို ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။ 

“ဆိုင်ကယ်စီးလို့မရဘူးဗျ ပိတ်ထားတယ် ခုလမ်းတွေမှာလည်း အစစ်အဆေးတွေရှိနေတယ်” ဟု ဒေသခံက ပြောသည်။

မေလ ၃ ရက်ကလည်း ငှက်အော်စမ်းကျေးရွာအနီး မကျည်းကန်-ကျိုက်ထော်လမ်းမပေါ်သို့ ကင်းလှည့်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကော့မှူးဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး ငှက်အော်စမ်းရွာအပါအဝင် ရွာနီးချင်းများဖြစ်သော သံကြိုကျေးရွာ၊ ညောင်ထောက်ကျေးရွာ၊ ရေတာရှည်၊ နတ်ရေတွင်း၊ တကူပုံစသည့်ရွာများမှ ဒေသခံ ၄၀၀ ကျော် ပတ်ကြာ စစ်ဆေးခံရဆေးပြီးနောက် မေလ ၁၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။

သို့သော် အဆိုပါ ပြန်လွှတ်ပေးမှုအတွက် ဒေသအခြေစိုက် စစ်ကောင်စီအရာရှိထံ လာဘ်ငွေပေးခဲ့ရသည်ဟု မတူညီသည့် သတင်းရင်းမြစ် ၃ ခုက Myanmar Now ကို ပြောသည်။

“ဖမ်းပြီးတော့ ငွေညှစ်တာ သိန်း ၁,၂၀၀ လောက် ပါသွားတယ်ဗျ။ အဲဒါကတော့ ကျွန်တော်တို့ အတိအကျသိရတယ်။ မိသားစု ၅၀ လောက် (NLD) ပါတီကလူတွေပါတယ်၊ ငွေကြေးရှိတဲ့သူတွေပါတယ်၊ ၅၀ ဝန်းကျင်ပေါ့လေ၊ များသောအားဖြင့်ကတော့ ပိုက်ဆံရှိတဲ့သူတွေပေါ့” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လာဘ်ငွေပေးရသူများတွင် ငါးကန်လုပ်ငန်းရှင်၊ ကုန်သည်များ၊ လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်များ၊ အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်များ၊ အုတ်သဲကျောက်အရောင်းဆိုင်ပိုင်ရှင်များ၊ ငွေကြေးပြေလည်သူများ၊ ရပ်မိရပ်ဖများပါဝင်သည်ဟု အခြား သတင်းရင်းမြစ်တစ်ခုကလည်း ပြောသည်။

“တူတော့မတူဘူးပေါ့ဗျာ တစ်ယောက်နဲ့တစ်ယောက်၊ ၁၀ သိန်းပေးရတဲ့သူလည်း ပေးရ၊ သိန်း ၂၀ ပေးရတဲ့သူလည်း ပေးရတာပေါ့၊ ၅၀ ရတဲ့သူက ၅၀ ပေါ့၊ တချို့ကျတော့ အဖမ်းခံရမှာကြောက်လို့ အဖမ်းခံရတော့မယ်ဆိုတာ သိလို့ သွားပြီးတော့ ကြိုပေးထားတာတွေလည်း ရှိတယ်၊ တချို့ကျတော့လည်း ဖမ်းထားပြီး ရက်ကြာနေတော့ ညှိလိုက်ပြီး ပေးလိုက်တာပေါ့” ဟု ပြောသည်။

လာဘ်ငွေပေးခဲ့ရသူများထံ Myanmar Now က တိုက်ရိုက်ဆက်သွယ်၍ မရသေးပေ။

“ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မပြောရဲဘူးပေါ့ဗျာ၊ ဒါကတော့ အတွင်းသတင်းတွေပေါ့၊ အဲဒီလိုဖြစ်နေတာ” ဟု ၃ ယောက်မြောက် ကော့မှူးဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ကော့မှူးဒေသ အဖမ်းအဆီးများ၊ လွတ်မြောက်ရေးအတွက် ငွေပေးရမှု၊ အာဏာသိမ်းစစ်ကောင်စီတပ်သားတို့ကို ထမင်းဟင်းချက်ပေးရမှုတို့နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း စစ်ကောင်စီတာဝန်ရှိသူတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button