ရန်ကုန်တိုင်းတောင်ပိုင်းရှိ ကော့မှူးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ငှက်အော်စမ်းရွာအပါအဝင် ရွာပေါင်း ၆၀ ကျော်ကို ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ငှက်အော်စမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်း၊ ဇနီး ဒေါ်မြမြမိုးတို့ မေ ၃၀ တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ကာ ယမန်နေ့ (ဇွန် ၁) မှစ၍ ထိုသို့ ပိတ်လိုက်ခြင်းဖြစ်သည်။
“ကော့မှူးမြို့နယ်အနောက်ခြမ်း တောရွာတွေပေါ့ဗျာ၊ အဲဒီကို မသွားဖို့နဲ့ ဆိုင်ကယ်တွေလည်း ပေးမစီးတော့ဘူး။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ အုပ်ချုပ်ရေးမှူးတွေက ကြေညာတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ Myanmar Now ကို ပြောသည်။
ဇနီးဖြစ်သူမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးသည် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံက ဆိုသည်။
ဒေသအခြေစိုက် 5 Brothers Younger ဆိုသောအဖွဲ့က ထိုပစ်ခတ်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ပစ်ခတ်သူများက ဆိုင်ကယ်အသုံးပြုခဲ့သဖြင့် ထိုဖြစ်ရပ်အပြီး ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆသည်။
ခရီးသွားလာရေးအတွက် ဆိုင်ကယ်ကို အဓိကထားအသုံးပြုနေရပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး အဓိကလုပ်ကိုင်သော မြို့နယ်လည်းဖြစ်ရာ ဆိုင်ကယ်စီးခွင့် ပိတ်လိုက်သဖြင့် အခက်ကြုံရသည်ဟု ကော့မှူးဒေသခံ အခြားသူတစ်ဦးက ပြောသည်။
“တောသူတောင်သားတွေဗျာ။ ဆိုင်ကယ်စီးခွင့်ပိတ်တော့ အသီးအနှံတွေ ဘယ်လိုသွားရောင်းမလဲ၊ နောက် တစ်ရွာနဲ့ တစ်ရွာ သွားပြီး ပန်းရန်လုပ်ကြတဲ့သူတွေလည်း ရှိတယ်။ သူတို့တွေ ဆိုင်ကယ်မစီးရဘူးဆိုတော့ အကုန်ခက်ခဲကုန်တာပေါ့” ဟု ၎င်းက ပြောသည်။
မေလဆန်းပိုင်းကလည်း ကော့မှူးမြို့နယ် ငှက်အော်စမ်းရွာအနီး ကင်းလှည့်နေသော စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရသည်။
အဆိုပါ တိုက်ခိုက်မှုအပြီး ဒေသခံရာချီ ဖမ်းဆီးစစ်ဆေးခံရကာ ငှက်အော်စမ်းအပါအဝင် ကျေးရွာအချို့တွင် စစ်ကောင်စီက ရက်အတန်ကြာ ဆိုင်ကယ်စီးခွင့် ပိတ်ပင်ခဲ့သည်။
တနင်္သာရီတိုင်း ထားဝယ်မြို့၊ စစ်ကိုင်းတိုင်း မုံရွာ၊ မန္တလေးတိုင်းအတွင်း တောင်သာ၊ ကျောက်ပန်းတောင်းနှင့် မိတ္ထီလာမြို့နယ်များတွင် ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦး စီးခွင့်မပြု၊ တစ်ဦးသာ စီးရမည်၊ အမျိုးသားနှင့် အမျိုးသမီး ပူးတွဲစီးပါက အမျိုးသားက မောင်းနှင်ရမည်၊ မလိုက်နာလျှင် သေနတ်ဖြင့် ပစ်မည်ဟူ၍ နိုဝင်ဘာလအတွင်း စစ်ကောင်စီက စည်းကမ်းထုတ်ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)