စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မြောက်ပိုင်းတွင် အိမ်ခြေ ၁၀၀ နီးပါးကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း ၁၁ ဖွဲ့က နှစ်ဖက်ညှပ်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်ဘက်မှ အထိနာသည်ဟု သိရသည်။
အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် မြောင်မြို့နယ်မြောက်ပိုင်းရှိ ဇရပ်ကုန်းရွာကို မီးရှို့ခဲ့ပြီး တမဆေးကန်ရွာ အရှေ့ခြမ်းကို စီးနင်းနေစဉ် မန္တလေး၊ စစ်ကိုင်းတိုင်းရှိ PDF ပူးပေါင်း ၁၁ ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချောင်းဦးမြို့နယ် PDF က ဇွန် ၁ တွင် ထုတ်ပြန်သည်။
“ကျွန်တော်တို့ပစ်လိုက်တဲ့ အတိုင်းအတာတွေ၊ ထိလိုက်တဲ့ ထိချက်တွေအရ သူတို့ဆီက ရှေ့ကထွက်လာတဲ့ ပထမဆုံးပွိုင့်၊ စစ်ကြောင်းရှေ့က ထွက်လာတဲ့ ပွိုင့်ကို အပြတ်ကြိတ်တာဗျ” ဟု ချောင်းဦးမြို့နယ် PDF ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောသည်။
ပြီးခဲ့သည့် မေ ၂၈ က ထိုစစ်ကြောင်းသည် မြောင်မြို့မြောက်ဘက်အခြမ်းရှိ ဇရပ်ကုန်းရွာတွင် တစ်ညတာ စခန်းချပြီးနောက် နောက်တစ်နေ့တွင် ထိုရွာရှိ နေအိမ် ၅၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ယင်းနေ့မှာပင် ဇရပ်ကုန်းရွာတောင်ဘက် ၇ မိုင်ခန့်အကွာ တမဆေးကန်ရွာအနောက်ပိုင်းကို စီးနင်းကာ နေအိမ် ၄၃ လုံးကို ဆက်လက်မီးရှို့ခဲ့ကြသည်။
ထို့နောက် ရွာအရှေ့ဘက်အပိုင်းကို စစ်ကောင်စီတပ်က ဆက်လက်စီးနင်းနေစဉ် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မေ ၂၉ က တမဆေးကန်ရွာတွင် မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးမှာ တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ပြီး ဗိုလ်အဆင့်အရာရှိတစ်ဦးအပါအဝင် အခြား ၅ ဦးမှာလည်း သေဆုံးသွားကြောင်း ကိုဇာနည်သိန်းက ဆိုသည်။
တမဆေးကန်ရွာစီးနင်းမှုကို ထောက်လှမ်းနေသည့် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ဒရုန်းကို ပစ်ချရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြိုးစားကြကြောင်း၊ ထိုစစ်သားများ ပစ်ကွင်းအတွင်း ရောက်လာသဖြင့် ထိုကဲ့သို့ သေဆုံးမှုများခြင်းဖြစ်ကြောင်း ယင်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်း၊ တောင်သာမြို့အခြေစိုက် TTA ပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဒရုန်းနောက်ကို ပြေးလိုက်လာတာ။ ကျွန်တော်တို့ နေရာယူထားတာကို မသိဘူး။ ကျွန်တော်တို့ဘက်အခြမ်းက သတ်ကွင်းထဲကို ပြေးဝင်လာကြတာ” ဟု သူက ဆိုသည်။
“ကျွန်တော်တို့ရှေ့မှာ အတုံးအရုံးပဲ။ လက်နက်ကြီးစာတွေ မိတယ်။ RPG နှစ်ချက်ကလည်း သူတို့ ချက်ကောင်းထိသွားတယ်”
“မီးတောက်တိုက်ပွဲ” ဟု PDF များ အမည်ပေးထားသည့် ၂ နာရီကြာ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ၁၇ ခန့် သေဆုံးသည်ဟူသော အချက်အလက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
သို့ရာတွင် စစ်သားများ လဲကျနေသည်ကို Myanmar Now က ကြည့်ရသော ရုပ်သံဖိုင်နှင့် ဓာတ်ပုံတွင် တွေ့ရှိရသည်။
ချောင်းဦး PDF မှ ကိုဇာနည်သိန်းက “ရွာတွေ မီးရှို့ပြီးတော့ ထွက်တော့ ထွက်သွားကြပြီ။ တိုက်ပွဲက ဇရပ်ကုန်းကို ဝင်ရှို့ပြီးတဲ့အချိန် နောက်တစ်ရွာ ထပ်အကူးမှာ ကြိုစောင့်ပြီးတိုက်လိုက်တာ။ ဒီကောင်တွေ လာရှို့တဲ့ မီးတောက်က သူတို့ပြန်လောင်တဲ့သဘောမျိုးပေါ့ဗျာ။ ကျွန်တော်တို့ရွာတွေကို မီးလာရှို့တဲ့အတွက် တန်ရာတန်ကြေးပေးရတာ” ဟု ပြောသည်။
PDF များဘက်မှ ကျည်ဆန်မလုံလောက်၍ ပြန်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြောင် PDF အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြား ၆ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် ရဲဘော်ရဲလင်းဆိုသူဖြစ်ပြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဆိုသည်။
“ကျည်မလောက်လို့ ပြန်ဆုတ်ရတဲ့အချိန်မှာ တစ်ဖက်က လက်နက်ကြီးပစ်ကူ တောက်လျှောက်ပစ်တယ်။ အဓိက သူတို့ဘက်က ကျသွားတဲ့သူတွေဆီက လက်နက်တွေ ဝင်မကောက်နိုင်ဖို့ လက်နက်ကြီးတွေနဲ့ ပစ်တာ။ ကျွန်တော်တို့ ကျည်မလောက်လို့ ပြန်ဆုတ်သွားတာကို သူတို့ ကောင်းကောင်းသဘောပေါက်ပြီး ပစ်တဲ့အချိန်မှာ ကျသွားတယ်” ဟု ကိုဇာနည်သိန်းက ပြောသည်။
မြောင်မြို့နယ်အတွင်း စစ်ကောင်စီကို ချောင်းဦး PDF အပါအဝင် မြောင်မြို့နယ်အခြေစိုက် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့၊ မြောင်မြို့နယ် (T.G.R) တော်လှန်ရေးတပ်၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ ရေစကြိုမြို့နယ်အခြေစိုက် Northern- Yesagyo, တောင်သာမြို့အခြေစိုက် TTA ပြောက်ကျားအဖွဲ့၊ မြင်းခြံမြို့အခြေစိုက် 27 Revolution Force, Burmese Guerrilla Force, မြေလတ်- PDF MGN District ၊ နွားထိုးကြီးမြို့အခြေစိုက် Natogyi Regional Defence Force – NRDFနှင့် Four Elements တို့ ပူးပေါင်း၍ တိုက်ခိုက်နေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က နိုင်ငံအနှံ့ မီးရှို့မှုနှင့် နာမည်ကြီးနေသော်လည်း ၎င်းတို့ မီးမရှို့ကြောင်း တစ်ခါတစ်ရံ တုံ့ပြန်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)