မေးမြန်းခန်း

Eleven ကို အရေးယူမှုနှင့် NLD မှ ထင်ရှားသူတချို့၏ အသံ

Eleven ဂျာနယ်မှ သတင်းသမားသုံးဦးကို နာမည်ကျော် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရားစွဲမှုနှင့် ပတ်သက်ပြီး အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ထိပ်ပိုင်းခေါင်းဆောင်တချို့၊ အထင်ကရ အမတ်တချို့၏ ပြောဆိုချက်များကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

Eleven ဂျာနယ်တွင် ဖော်ပြခဲ့သော တိုင်းလွှတ်တော်အတွင်း ဆွေးနွေးချက်ဆိုင်ရာဆောင်းပါးတစ်ပုဒ်ကြောင့် အယ်ဒီတာချုပ် ကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ နရီမင်း၊ သတင်းထောက်ချုပ် ဖြိုးဝေတို့ အထိန်းသိမ်းခံနေရသည်။

ဦးအောင်ရှင် (ကဗျာဆရာ မုံရွာအောင်ရှင်) ပါတီ ဗဟိုကော်မတီဝင်

“ပါတီပြောရေးဆိုခွင့်ရှိသူ မဟုတ်တဲ့အတွက် ဒီကိစ္စကို ပါတီအနေနဲ့ မပြောချင်ဘူး၊ တစ်ဦးချင်းအနေနဲ့ပဲ ပြောချင်တယ်။ ဒီကိစ္စကို သေသေချာချာ ပြန်ပြီး စဉ်းစားစေချင်တယ်၊ ပြန်သုံးသပ်စေချင်တယ်၊ ဒီကိစ္စက မီဒီယာနဲ့ NLD အစိုးရအကြားမှာ မကောင်းတဲ့ အလားအလာပဲလို့ ကျွန်တော်ကမြင်တယ်။ ၅ဝ၅ (ခ) ဆိုတာက လိုရင်လိုသလို အဓိပ္ပာယ်ဖွင့်လို့ရတာတွေ ပါနေတယ်။ ဒါကြောင့် ငြိအောင် လုပ်မယ်ဆိုရင် လုပ်လို့ရတယ်လို့ပဲ ကျွန်တော် ပြောချင်တယ်။ အယ်ဒီတာတွေနဲ့ သတင်းထောက်တွေကတော့ သူတို့အမြင် သူတို့ရေးမှာပဲလေ။ သူတို့အချက်အလက်နဲ့ သူတို့ရေးတာပဲ”

ဒေါက်တာမျိုးညွန့် (ပါတီ ပြောခွင့်ရပုဂ္ဂိုလ်)

“ဂျာနယ်မှာ မမှန်မကန်ရေးသားတယ်လို့ စွပ်စွဲတဲ့အကြောင်း ကျွန်တော် အင်တာနက်တွေပေါ် သိရတယ်။ မမှန်မကန်ရေးသားရင်တော့ ဒါက တာဝန်ယူရမှာပေါ့။ မမှန်မကန်ရေးသားတာ ကုမ္ပဏီတစ်ခု၊ အဖွဲ့တစ်ခုကို ထိခိုက်တယ်ဆိုရင်တော့ ဂျာနယ်အနေနဲ့ ဖြေရှင်းရမှာပေါ့။ ကျွန်တော်တို့ကတော့ မီဒီယာတွေနဲ့ ငြိမ်းချမ်းတဲ့ဟာတွေ လိုလားပါတယ်။ ဥပဒေအရ ငြိစွန်းတာကတော့ တစ်ပိုင်းပေါ့”

(ဓာတ်ပုံ – ထက်ဝေထွန်း)

ဦးဖြိုးဇေယျာသော် (အဆိုတော် ဇေယျာသော်) ပြည်သူ့လွှတ်တော်

“တရားစွဲမယ်ဆိုတာ နောက်ဆုံးအဆင့်အနေနဲ့မှ လုပ်သင့်တယ်လို့ ယူဆတယ်။ မီဒီယာကို စွဲမယ်ဆိုရင် သတင်း မီဒီယာကောင်စီရှိတယ်၊ ဒါတွေနဲ့အရင် ဆက်သွယ်ညှိုနှိုင်းမှုတွေလုပ်၊ အဆင်မပြေဘူး ဆိုတော့မှ နောက်ဆုံး အနေနဲ့ ကျတော့မှ တရားစွဲတာက လုပ်သင့်တဲ့အလုပ်လို့ မြင်တယ်။ ဘယ်ကိစ္စမဆို ပထမဆုံး ညှိနှိုင်းပြီးတော့မှ မရတော့တဲ့ အခြေအနေဖြစ်တော့မှ တရားတပေါင်ဖြစ်တဲ့ကိစ္စကို ဆက်လုပ်စေချင်တယ်”

ဦးခင်မောင်မြင့် (အမျိုးသားလွှတ်တော်)

“သူတို့လုပ်ရပ်က ပါတီ image(ပုံရိပ်) တော့ ကျတာပေါ့။ ရေးချင်တာရေးလေ၊ ကိုယ်ကမှန်နေရင် ပြီးတာပဲ။ မှားတာလည်း ရေးမှာပဲ၊ မှန်တာလည်းရေးမှာပဲ၊ အဲ့ဒီမှာ ခံနိုင်ရည်ရှိဖို့လိုတယ်။ မီဒီယာတွေအနေနဲ့က ဒီမိုကရေစီကိုတော့ သွားမထိနဲ့ပေါ့။ လူမကောင်းရင် လူကိုရေးပေါ့။ ဒီမိုကရေစီကို တိုက်ခိုက်ချင်တဲ့ပုံစံမျိုးတော့ မရေးသားသင့်ဘူး။ လူနဲ့ဒီမိုကရေစီကိုတော့ ကွဲပြားအောင် ရေးသင့်တာပေါ့။ လူမကောင်းရင် လူကိုရေး၊ လွှတ်တော်အမတ် အသုံးမကျရင် လွှတ်တော်အမတ်ပြော။ ဝန်ကြီးချုပ် အသုံးမကျရင် ဝန်ကြီးချုပ်ပြောပေါ့”

ဒေါ်စန္ဒာမင်း (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်)

“တိုင်းအစိုးရက ပေးတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ စာရင်းစစ်ချုပ်က အစီအရင်ခံစာ တင်တယ်၊ ဒီအစီအရင်ခံစာမှာ ပါဝင်တဲ့ အချက်အလက်အမှန်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးတယ်၊ ဒီဆွေးနွေးချက်အပေါ်မှာ မူတည်ပြီးတော့ ပြင်ပမီဒီယာတွေက ဆွေးနွေးခြင်း၊ ထောက်ပြခြင်းတွေ လုပ်ကြတာပါ။ ထောက်ပြတယ်၊ ဝေဖန်တယ်ဆိုတဲ့နေရာမှာလည်း ပြင်းထန်တဲ့ စကားလုံး အသုံးအနှုန်းတွေ၊ ဂုဏ်သိက္ခာ အလွန်အမင်း ကျဆင်းသွားစေတဲ့ ကိစ္စမျိုးတွေ ဘာမှ မရှိပါဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အချက်တွေ မှားနေတယ်ဆိုရင် ကျွန်မတို့ စာရင်းစစ်ချုပ်ရဲ့ အစီအရင်ခံစာ နောက်ဆုံး ဆွေးနွေးတဲ့ နေ့တုန်းက ပြန်ရှင်းလို့ ရပါတယ်။ ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရက ပြန်မရှင်းခဲ့ဘူးလေ။ ပြန်မရှင်းခဲ့တဲ့အတွက် ကျွန်မတို့က မှန်တယ်လို့ပဲ ယူဆပါတယ်”

ဦးအောင်မျိုး (အမျိုးသားလွှတ်တော်)

“ဖြစ်စဉ်အသေးစိတ်ကို သေချာ မသိသေးတော့ မှတ်ချက် မပေးလိုပါဘူး။ ဒါပေမဲ့ ပုဒ်မ ၅ဝ၅(ခ) လို ပုဒ်မမျိုး ကတော့ မရှိသင့်တော့တာ အမှန်ပါ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ထဲမှာလည်း ပြည်သူလူထုကို မျက်နှာမူပြီးတော့ အစိုးရကို ထိန်းကျောင်းရမယ့်ကိစ္စ ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း လုပ်သင့်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ကိစ္စ ဆိုတာကို အားလုံး ဆွေးနွေး တိုင်ပင်ပြီးတော့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ရဲ့ သဘောထား မှတ်ချက်ပေးဖို့ ရှိပါတယ်။ နီးစပ်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီတွင်းမှာ ဆွေးနွေး တိုင်ပင်ဖို့ ရှိပါတယ်”

ဦးရည်မွန် (ကဗျာဆရာ မောင်တင်သစ်) ပြည်သူ့လွှတ်တော်

“မီဒီယာအပေါ်ကိုတော့ ၅ဝ၅(ခ)နဲ့ မစွဲစေချင်ပါဘူး။ မီဒီယာကို တန်ဖိုးထားရကောင်းမှန်း မသိဘဲနဲ့တော့ ဒီမိုကရေစီကို သွားလို့ရမှာ မဟုတ်ဘူး။ အခု ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ဒီမိုကရေစီကို ခက်ခက်ခဲခဲ ထူထောင်နေရတဲ့ အချိန်။ အာဏာနဲ့ မီဒီယာက အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ လက်ချင်းချိတ်ပြီးသွားဖို့ လိုအပ်တဲ့အချိန်လို့ ကျွန်တော် နားလည်တယ်။ မီဒီယာနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ဖြေရှင်းရမယ် ဆိုရင်တောင် တခြားပုဒ်မကို ရွေးချယ်သင့်တယ်။

ဦးအောင်သိန်း (အမျိုးသားလွှတ်တော်)
“ဘာလို့ သတင်းသမားတွေနဲ့ ပတ်သက်ရင် တရားစွဲဖို့ပဲ စဉ်းစားနေရလဲ၊ ဘာဖြစ်လို့ အဲ့ဒီလောက်အထိ ဖြစ်နေလဲ”

ဦးမြင့်ဦး (ပြည်သူ့လွှတ်တော်)

“လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့် ဆိုတာ အခြေခံဥပဒေမှာလည်း ပါပြီးသားပဲလေ။ သတင်းမီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ပါ။ ကျွန်တော်တို့ တကယ် ဖိနှိပ်ခံရတဲ့ ကာလတွေမှာလည်း ရေဒီယိုအသံလွှင့်ချက်တွေကို တစ်ချိန်လုံး စောင့်နားထောင်ခဲ့ရတာ၊ ဒါက ပြည်သူ့အသံလို့ ကျွန်တော်ကတော့ နားလည်တယ်။ ဒီမိုကရေစီကိုသွားတဲ့ အခါမှာ ဒီမိုကရေစီအရ အာမခံချက်ပေးထားတဲ့ အခွင့်အရေးတွေကိုတော့ သတင်းဌာနတွေနဲ့ မီဒီယာလောကဟာလည်း ရသင့်တယ်လို့ မြင်ပါတယ်”

Show More

Related Articles

Back to top button