မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် နယ်မြေအတွင်းမှ ထွက်သွားရန် သတိပေးခံထားရသည့် စစ်စခန်းနှစ်ခုအနက် လေးကေစခန်းမှ ကရင်နယ်ခြားစောင့်တပ် (BGF) များ မေလ တတိယပတ်ခန့်တွင် ဆုတ်ခွာသွားသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သားများသာ ကျန်တော့သည်ဟု KNU ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ်သူ ပဒိုစောတောနီးက Myanmar Now ကို ယမန်နေ့က အတည်ပြုသည်။
“သူတို့ (BGF) ထွက်သွားတာ လေး၊ ငါးရက်လောက်တော့ ရှိပြီလို့ သိရတယ်။ အလျှိုအလျှိုနဲ့ ထွက်သွားကြတာ။ ကျွန်တော် အတည်ပြုလို့ရတာက အဲဒီစခန်းမှာ BGF တွေ မရှိတော့ဘူး” ဟု ဆိုသည်။
KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင်အတွင်း ပါဝင်နေသည့် လေးကေနှင့် ဝင်းတာပန်ရွာမှ စစ်ကောင်စီစခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်များ ထွက်ခွာသွားရန် ပြီးခဲ့သည့် ဧပြီ ၂၀ ကတည်းက KNU လက်အောက်ခံ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) က သတိပေးစာထုတ်ထားသည်။
စစ်တပ်ဘက်မှ စခန်းကို မစွန့်ခွာ၍ ဧပြီလကုန်ခန့်တွင် လေးကေစခန်းကို KNU တပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာနေခဲ့သည်။
ထို့နောက် မေလဆန်းတွင် အင်အား ၅၀ ခန့်ရှိ BGF များ စစ်ကူလာရောက်ခဲ့ပြီး ယခု ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။
အဆိုပါ BGF တပ်ဖွဲ့ဝင်များ လေးကေစခန်းသို့ လာရောက်စဉ်ကလည်း လမ်းတစ်လျှောက်ကျေးရွာများမှ ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အကာအကွယ်ယူ စစ်ကြောင်းတက်လာခဲ့ကြောင်း ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် ကရင်လူ့အခွင့်ရေးအဖွဲ့ (KHRG) က ထုတ်ပြန်ထားသည်။
ထိုအချက်နှင့် ပတ်သက်၍ တပ်မဟာ (၁) ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ကလည်း မေလအစောပိုင်းက Myanmar Now ကို အတည်ပြုထားသည်။
လေးကေစခန်း၌ စစ်တပ်နှင့် BGF များ တပ်စွဲနေထိုင်စဉ် ရွာအတွင်းမှ နေအိမ်များထဲ ဝင်ရောက်၍ အစားအစာများ၊ ပစ္စည်းများ၊ မွေးမြူထားသည့် တိရစ္ဆာန်များကို အဓမ္မယူဆောင်ကြကြောင်း KHRG အဖွဲ့က ဆိုသည်။
“အခုဆို အကြောက်တရားနဲ့ နေရတယ်။ ဘယ်နေ့တိုက်ပွဲစဖြစ်မလဲ။ ဘယ်နေ့ သူတို့ကို ပေါ်တာလာဖမ်းမလဲ။ ဘယ်နေ့ အလုံးကြီး (လက်နက်ကြီး) တွေ ကျပြီးတော့ တောထဲကို ထွက်ပြေးရမလဲဆိုပြီး (ဒေသခံတွေက) အကြောက်တရားနဲ့ နေရတယ်” ဟု KHRG ဒါရိုက်တာ နော်ထူးထူးက ပြောသည်။
စစ်ရေးတင်းမာမှုများကြောင့် လေးကေရွာဒေသခံ သုံးထောင်ဝန်းကျင်သည် နီးစပ်ရာ တောတောင်များတွင် တိမ်းရှောင်နေကြကြောင်း KHRG ထံမှ သိရသည်။
အလားတူ BGF များ ဆုတ်ခွာမှုသည် တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်တွင်လည်း မေလပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့ပြီး ထိုစဉ်က တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေသော ထိုဒေသကို လေကြောင်းမှ ဗုံးကြဲရန် ဖြစ်သည်ဟု KNU ဘက်မှ ယူဆခဲ့ပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ကြောင့် ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်သော BGF များ တပ်မဟာ ၂ ခုမှ ဆုတ်ခွာသွားပြီးနောက် ဒေသအတွင်း စစ်ရေးဆက်တင်းမာနေသလို စစ်ကောင်စီတပ်ကလည်း နယ်မြေကျွမ်းကျင်သော BGF များ၏ အကူအညီဖြင့် စစ်ကြောင်းထိုးနေသည်။
ယမန်နှစ် နိုဝင်ဘာကလည်း လေးကေစခန်းသို့ BGF အင်အား ၁၅၀ ကျော် စစ်ကူလာရောက်ခဲ့ပြီး ထိုစဉ်ကလည်း ဒေသခံများကို ပေါ်တာဆွဲခဲ့ကြောင်း၊ ကျေးရွာ ၁၁ ရွာမှ ဒေသခံ ရပ်မိရပ်ဖ ၄၂ ဦးကို စခန်းသို့ ခေါ်ယူ၍ KNU က ပစ်ခတ်လျှင် ၎င်းတို့ကလည်း ကျေးရွာများအတွင်းပစ်ခတ်မည်ဟု ခေါ်ယူခြိမ်းခြောက်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။
ကရင် BGF သည် စစ်တပ်လက်အောက်ခံအဖွဲ့ဖြစ်ပြီး KNU မှ ခွဲထွက်ခဲ့သူများက ဦးဆောင်နေခြင်း ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)