သတင်း

ဖာပွန်ဒေသကို နယ်မြေရှင်းလင်းရန် BGF များ ဆုတ်ခွာသည်ဟု KNU ယူဆ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်အများအပြား ဆုတ်ခွာသွားသဖြင့် ထိုဒေသတွင် စစ်တပ်က နယ်မြေရှင်းလင်းချေမှုန်းမည်ဟု ယူဆရကြောင်း ကရင်အမျိုးသားအစည်းအ ရုံး (KNU) တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက Myanmar Now ကို ပြောသည်။

မေ ၈ ရက်မှစ၍ BGF တပ်ဖွဲ့ဝင်အများအပြား ပြန်လည်ဆုတ်ခွာသွားခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် KNU တာဝန်ရှိသူက ထိုသို့မှတ်ချက်ပြုခြင်းဖြစ်သည်။

“ဆုတ်တယ်ဆိုတာက တစ်နေရာရာမှာ ပြန်စုတာလား။ ဘာရည်ရွယ်ချက်လည်းတော့ မသိဘူး။ ကျွန်တော်တို့ခန့်မှန်းတာကတော့ သူတို့ရဲ့ တပ်တွေကို ပြန်ဆုတ်ပြီးတော့ အဲဒီနေရာတွေကို လက်နက်ကြီးနဲ့သော်လည်းကောင်း၊ လေယာဉ်နဲ့ သော်လည်းကောင်း ပစ်ခတ်ချေမှုန်းမဲ့သဘောလို့ ယူဆရတယ်” ဟု ပဒိုမန်းမန်းက ပြောသည်။

တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း သုံးနေရာထက်မနည်းတွင် တပ်စွဲထားသည့် BGF တပ်များ ဆုတ်ခွာပြီးနောက် ယမန်နေ့ (မေ ၁၀) တွင် စစ်တပ်လေယာဉ် လာရောက်ပျံဝဲခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။​

သို့ရာတွင် ဆုတ်ခွာသွားသည့် BGF အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း KNU ဘက်မှ သိရသည်။

အလားတူ တပ်မဟာ၅ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများ ပြန်လည်ဆုတ်ခွာပြီးနောက် တစ်နေရာတွင် ပြန်စုနေသည့်အခြေအနေများလည်း ရှိသည်ဟု ဆိုသည်။ 

“သူတို့ဘက်က အင်အားချည့်နဲ့လာလို့ တပ်စခန်းတွေ အရေအတွက်လျှော့ပြီးမှ တခြားတစ်နေရာမှာ ပြန်အားကောင်းလာအောင် ပြန်တည်ဆောက်တာလည်း ဖြစ်နိုင်တယ်” ဟု ပဒိုမန်းမန်းက ပြောသည်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေသည် စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြင်းထန်နေပြီး လေယာဉ်ဖြင့် မကြာခဏ တိုက်ခိုက်ခံရသော ဒေသဖြစ်ကာ ပြီးခဲ့သည့် ဧပြီ ၂၈ ကလည်း စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) မှ ဗျူဟာမှူးအဆင့်ရှိ ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ခေါ်ထားသည့်အခြေအနေကြောင့် တပ်များအဆုတ်ပြခြင်းလည်း ဖြစ်နိုင်ပြီး KNU ဘက်က တက်ရောက်မှုမရှိလျှင် အမြောက်တပ်၊ လေတပ်တို့ဖြင့် ပစ်ခတ်ချေမှုန်းရန် ပြင်ဆင်ခြင်းလည်း ဖြစ်နိုင်သည်ဟု ပဒိုမန်းမန်းက သုံးသပ်သည်။

“မသွားမယ်ဆိုရင် အကြမ်းနည်းနဲ့ နှိမ်နင်းမယ်၊ သုတ်သင်မယ်ဆိုတဲ့သဘောထားမျိုး ပြချင်တာ၊ အဲဒီသဘောမျိုးလည်း ရှိကောင်းရှိနိုင်တယ်။ သိပ်တော့မဆန်းပါဘူး။ ကျွန်တော်တို့ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ သူတို့ရဲ့ စစ်ဆင်ရေးကတော့ လေကြောင်းနဲ့ဖြစ်ဖြစ်၊ လက်နက်ကြီးနဲ့ဖြစ်ဖြစ် ရမ်းသန်းပစ်ခတ်မှုတွေ လုပ်နေတာကတော့ သိပ်တော့မထူးလှဘူး” ဟု ၎င်းက ဆိုသည်။

ဆုတ်ခွာသွားရသည့် အကြောင်းရင်းကို ခန့်မှန်းမရသေးသလို KNU ၏ အပစ်ခတ်ရပ်စဲရေး ငါးနှစ်တာကာလအတွင်း၌ ကရင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအချင်းချင်း ထိတွေ့ဆက်ဆံမှုများရှိခဲ့သလို စည်းလုံးညီညွတ်မှုများလည်း ရှိလာကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ကိုယ့်ဘက်ကလည်း အထိအခိုက်မရှိဘူး။ ကျည်ဆန်လည်းမကုန်ဘူးဆိုတဲ့ စစ်ရေးအောင်ပွဲမျိုးဖြစ်သလို သူတို့အတွက်လည်း ဂုဏ်ယူရမဲ့အပိုင်းလည်း ဖြစ်တယ်။ အာဏာရှင်ရဲ့ အခိုင်းအစေမှု၊ အာဏာရှင်ရဲ့ လက်ပါးစေအောက်မှာ မလိုက်နာဘူး၊ မလုပ်ဘူးဆိုတာ သူတို့အတွက်လည်း ဂုဏ်ယူစရာလည်းဖြစ်တယ်။ ကျွန်တော်တို့အတွက်လည်း အကြီးအမားဆုံး စစ်ရေးအောင်ပွဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

မကြာသေးခင်က DKBA ( ဒီမိုကရက်တစ်ကရင့်တပ်မတော်) မှ ဗိုလ်စလုံး ဦးဆောင်အဖွဲ့သည် KNU လက်အောက်မှ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) ထံသို့ ပူးပေါင်းလာမှု ရှိခဲ့သည်။ 

ပြီးခဲ့သည် ဧပြီလက KNU တပ်မဟာ ၅ အပါဝင် ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅၆ ဦးသေဆုံးကာ ၁၉၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မေ ၈ တွင် ထုတ်ပြန်ထားသည်။ 

ဖာပွန်အပါအဝင် KNU နယ်မြေများ၌ စစ်ရှောင်နေသော ဒုက္ခသည်ဦးရေ နှစ်သောင်းကျော်ရှိသည်ဟု ဧပြီလအတွင်း ကရင့်လူ့အခွင့်အရေးအဖွဲ့ (KHRG) က Myanmar Now ကို ပြောထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button