
မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့နှင့် စစ်တက္ကသိုလ်အခြေစိုက်ရာ ပြင်ဦးလွင်မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မေ ၂၃ မှစ၍ သုံးရက်ဆက် တိုက်ခိုက်ခံရရာ ၂ ဦးသေ၍ ၂ ဦး ဒဏ်ရာရသည်ဟု ဒေသခံ ၃ ဦးထံမှ စုံစမ်းသိရှိရသည်။
မေ ၂၃ တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဆိုသူ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပြင်ဦးလွင်ဒေသခံက ပြောသည်။
မေ ၂၄ တွင်လည်း ထိုမြို့နယ်ရှိ နောင်လှိုင်ကျေးရွာအုပ်စု၊ ပါအယ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမဲဆိုသူ မြို့ရှောင်လမ်း ထင်းရှုးတောအနီး ပစ်ခတ်ခံရပြီး ဘယ်ဘက်လက်မောင်းတွင် ဒဏ်ရာရသည်ဟု ၎င်းက ဆက်ပြောသည်။
“၈ချက်လောက် ပစ်ခံရတယ် ပြောတယ်။ မသေတာတော့ မသေသေးဘူး။ ပြင်ဦးလွင်တပ်ဆေးရုံမှာလို့ ကြားတယ်” ဟု မျက်မြင်သက်သေများကို ကိုးကား၍ ထိုဒေသခံက ဆိုသည်။
ယနေ့ (မေ ၂၅) နံနက် ၉ နာရီခွဲတွင် မန္တလေးမှ ပြင်ဦးလွင်သို့ သွားသည့် ၁၀၃ လမ်းမပေါ်၌ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အောင်ပင်လယ်ရဲစခန်းမှ စခန်းမှူးသိန်းထွန်းဇော် သေနတ်ဖြင့် ပစ်ခံခဲ့ရကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
“မသေသေးဘူးလို့ ကြားတယ်။ သူက ဆိုင်ကယ်ပြင်ပြီး ပြန်လာချိန်မှာ အမျိုးသားနှစ်ဦးက လိုက်ပစ်တာလို့ သိရတယ်” ဟု မန္တလေးမြို့ခံဖြစ်သည့် ၎င်းက ပြောသည်။
ရဲတပ်ကြပ်၏ ဝဲဘက်လက်မောင်းတွင် ကျည်ဖောက်ဝင်ပြီး ဒဏ်ရာပြင်းထန်ကြောင်း ထိုသူက ဆိုသည်။
ထိုဖြစ်စဉ်အပြီး တစ်နာရီခန့်အကြာတွင် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာမှ ရာအိမ်မှူးဟောင်း အသက် ၅၇ နှစ်အရွယ် ဦးတင်ဝင်း သေနတ်ဖြင့် ပစ်ခံရကြောင်း ထိုမြို့နယ်တွင် နေထိုင်သည့် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သူ ဟုတ်မဟုတ် ရှင်းလင်းစွာမသိရသည့် ဦးတင်ဝင်းမှာ ဝဲဘက်ပါးကျည်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။
ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကို အတည်မပြုနိုင်သေးပါ။
အသေးစိတ်အခြေအနေများသိရှိရန် သက်ဆိုင်ရာ ရဲစခန်းများသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ပြင်ဦးလွင်ဒေသခံ အထက်ပါ သတင်းရင်းမြစ်တစ်ဦး၏ အဆိုအရ မြို့ပေါ်ရပ်ကွက်များနှင့် လမ်းများပေါ်တွင် စစ်ကောင်စီ၏ စစ်ဆေးရှာဖွေမှုများ တင်းကျပ်နေကြောင်း သိရသည်။
မန္တလေးတိုင်းသည် အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို နည်းမျိုးစုံဖြင့် အန်တုနေဆဲဖြစ်သည့် နိုင်ငံအနှံ့ဒေသများအနက် တစ်ခုဖြစ်သည်။
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို မန္တလေးမြို့ပေါ်၌ပင် ပြောက်ကျားတိုက်ခိုက်မှုများ ရှိသည်။
စစ်ကောင်စီကလည်း ၎င်းတို့ကို ဆန့်ကျင်သည့် အဖွဲ့အစည်းများနှင့် နီးစပ်သည်ဟု ယူဆသူတို့ကို ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်များ ချိပ်ပိတ်၍ တုံ့ပြန်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)