
ဖုန်းလိုင်းဖြတ်ထားသည့် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ယမန်နေ့ (မေ ၂၄) တွင် စစ်ကောင်စီတပ်ကို ၁၁ နေရာ၌ မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်က ပြောသည်။
စစ်သားနှင့် ရဲတို့က ထိုမြို့နယ်အတွင်း ကျေးရွာများကို စီးနင်း၊ ဖျက်ဆီးနေသဖြင့် ချောင်းဦး PDF က လက်လုပ်မိုင်းသုံး၍ စောင့်ကြိုတိုက်ခိုက်သည်ဟု ၎င်းက ပြောသည်။
စစ်တပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့ဝင်များလည်း စစ်ကောင်စီတပ်နှင့်အတူ ပါလာသည်ဟု ဆိုသည်။
ကင်းမွန်တော်ရွာခံ ပျူစောထီးများပါသည့် အင်အား ၅၀ ခန့်က ချောင်းဦးမြို့အနောက်ဘက် ၄ မိုင်အကွာ မယ်သဲကြိုးရွာကို ဝင်ရောက်စီးနင်းကြောင်း၊ မြို့ပေါ်တွင် တပ်စွဲထားသည့် နောက်ထပ် ၅၀ ခန့်က အနီးအနားရှိ ရွာများသို့ ဝင်မွှေနေကြောင်း အထက်ပါ PDF က ဆက်ပြောသည်။
စစ်ကောင်စီအဖွဲ့ ယမန်နေ့က လှုပ်ရှားချိန်တွင် ချောင်းဦးမှ မယ်သဲကြိုးသို့ သွားရာလမ်း၊ မယ်သဲကြိုး – ကင်းမွန်တော်ရွာသို့လမ်း၊ ချောင်းဦး-အမြင့်လမ်းခွဲ စသည့် နေရာများတွင် PDF က တိုက်ခိုက်ခဲ့သည်ဟု ၎င်းထံမှ သိရသည်။
“ကင်းမွန်းတော်ကို ပြန်ဝင်တဲ့စစ်ကြောင်းကို (မိုင်း) ခွဲတုန်းက (မယ်သဲကြိုးရွာ) ပြည်သူတွေဆီက ယူလာတဲ့ ရိက္ခာတွေ၊ အဝတ်စားတွေတင်လာတဲ့၊ အလောင်းတွေတင်လာတဲ့ ကျွဲလှည်းတွေရာ ကျွန်တော်တို့ ထိထိမိမိ (မိုင်း) ဆွဲနိုင်ခဲ့တယ်။ ကျွဲလှည်းတွေမှောက်သွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရတယ်”။
ထိုစစ်ကောင်စီအဖွဲ့မှာ ချောင်းဦးမြို့တောင်ဘက် အမြင့်လမ်းခွဲမှ ပျူစောထီးအခြေစိုက်သည့် ကင်းမွန်းတော်ရွာသို့ ဦးတည်ချီတက်စဉ် တိုက်ခိုက်သည်ဟု ထိုသူက ဆိုသည်။
မိုင်းဖြင့် တိုက်ခိုက်ရန် ၁၃ နေရာ၌ ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း၊ ၂ နေရာတွင် အလုပ်မဖြစ်ခဲ့ကြောင်း ချောင်းဦး PDF ခေါင်းဆောင်က ဆိုသည်။
ထိုတိုက်ခိုက်မှုများအတွင်း စစ်သား ၄၁ ဦး၊ ရဲ ၅ ဦး သေဆုံးသည်ဟု ဖရဲသီး ခေါ် တပ်တွင်းသတင်းပေးတို့ထံမှ သိရကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့ဘက်က အထိအခိုက်အကျဆုံးများတယ်ဗျ။ ဒါက ဟိုဘက်က ဖရဲသီးသတင်းအရ အတည်ပြုနိုင်တာ။ သူတို့ဆီကို တင်တဲ့သတင်းလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်တပ်ကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း ဒေသခံတို့က ရရာလက်နက်ဖြင့် ခုခံနေကြသည်။
ချောင်းဦးမြို့အနောက်ဘက်တစ်ခုတည်းတွင် စစ်ကောင်စီလက်ချက်ဖြင့် မတ်၊ ဧပြီလအတွင်း ယာကြီး၊ ဝယာ၊ ဆီပန်းကန်၊ အင်းမရွာများမှ အိမ်ခြေ ၄၀၀ထက်မနည်း ပျက်စီးခဲ့သည်ဟု PDF ဘက်က ပြောသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)