သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (မေ ၂၄) ၌ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးရှိသည်ဟု မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် မြင်းမူမြို့နယ်အရှေ့ဘက် ၃၇ မိုင်ကျော်အကွာရှိ အင်းမရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ဖောက်၍ ဝင်ရောက်စီးနင်းခဲ့သည်။

ထို့ပြင် တောစပ်များအထိပါ လိုက်လံ ပစ်ခတ်နေရာ ရွာအနီး အခြေအနေစောင့်ကြည့်နေသည့် ကင်းစောင့် PDF များနှင့် တိုက်ပွဲဖြစ်ပွားသည်ဟု မြင်းမူ PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။

“ကင်းစောင့်နေတဲ့ရဲဘော်တွေနဲ့ အရင်ထိတွေ့မှုဖြစ်ပြီးတော့ ကျွန်တော်တို့ ရဲဘော်နှစ်ဦး ကျသွားတယ်” ဟု သူက ဆိုသည်။ 

သေဆုံးသွားသည့် မြင်းမူ PDF နှစ်ဦးမှာ အသက် ၂၀ ကျော်အရွယ်ရှိ ဝေဖြိုးနှင့် စိုးဆင့်တို့ဖြစ်ကြသည်ဟု ၎င်းထံမှ သိရသည်။ 

ထို့နောက် အင်းမရွာအတွင်းမှ နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး မြင်းမူမြို့ပေါ် ဆက်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အင်းမရွာတောင်ဘက် နှစ်မိုင်ကျော်အကွာရှိ ဂုတ်ညင်းဆိပ်ရွာအနီး တိုက်ခိုက်ခဲ့သည်ဟု PDF က ပြောသည်။

“ဂုတ်ညှင်းဆိတ်ဆိုတဲ့ ရွာနားမှာ နားနေကြတာ။ အဲဒီမှာ ကျွန်တော်တို့က ချုံခိုတိုက်ခိုက်တယ်” ဟု ရဲဘော် ခင်သောင်းက ဆိုသည်။

“သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ထုတယ်။ အဲဒီကနေ ကျွန်တော်တို့ ဆုတ်တယ်။ ကျွန်တော်တို့က တိုက်မိုင်းထောင်ခဲ့ပြီး ဆွဲလိုက်တယ်”

ဂုတ်ညင်းဆိပ်ရွာအနီးတွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသည်ကို တွေ့လိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။

PDF များ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း နေရာ၌ တိုက်မိုင်းထောင်ထားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ပေါ်သို့ ပြန်ရန် ခြေလျင်ချီတက်စဉ် မိုင်းဆွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ ၉ ဦးခန့် သေဆုံးကြောင်း သူက ပြောသည်။

“သူတို့က ကားနဲ့ မသွားဘဲ ခြေလျင်သွားတာကို တိုက်မိုင်းဆွဲလိုက်တာ ထိသွားတယ်။ မြင်းမူဆေးရုံ ရောက်သွားတယ်။ နောက်တစ်ခါ သူတို့ပြန်မယ့်အချိန် ကန်ပြားတောင်ဘက်မှာ တစ်ခါထပ်ဆွဲတယ်” ဟု ၎င်းက ပြောသည်။

ကန်ပြားရွာသည် ဂုတ်ညင်းဆိပ်ရွာတောင်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိပြီး ယင်းရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို လူနာတင်ကားဖြင့် သယ်သွားသည်ဟု PDF ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေသည့် နေရာများတွင် စစ်ကိုင်းတိုင်းလည်း အပါဝင်ဖြစ်ပြီး စစ်ကောင်စီကလည်း အင်တာနက်ဖုန်းလိုင်းများပါ ဖြတ်တောက်၍ စစ်ဆင်လျက်ရှိရာ ထိုဒေသတွင်း အဖြစ်အပျက်များနှင့် ပတ်သက်ပြီး ပြင်ပသို့ သတင်းပေးပို့ရန် ခက်ခဲနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button