
ရန်ကုန် – မော်လမြိုင်လမ်းမပေါ်ရှိ မွန်ပြည်နယ် သိမ်ဇရပ်မြို့မရဲစခန်းနှင့် အမှတ် ၂၀၇ ခြေမြန်တပ်ရင်း (ခမရ) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ယမန်နေ့ (မေ ၂၄) တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သိမ်ဇရပ်ရဲစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုမရှိသော်လည်း တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ မှ တပ်ကြပ်ကြီးသန်းအောင်ဆိုသူ သေဆုံးကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်သည်။
သိမ်ဇရပ်ရဲစခန်းနှင့် ကျိုက်ထိုမြို့မှ ၁၇ မိုင်ခန့်အကွာရှိ ခြေမြန်တပ်ရင်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စတင်ပစ်ခတ်ပြီး နာရီဝက်အကြာတွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KRF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ Myanmar Now ကို ပြောသည်။
“ရဲစခန်းကို တစ်ဖွဲ့စောင့်တယ် တိုင်ပင်ကိုက်ပေါ့ဗျာ။ ၂၀၇ ကနေ အသံကြားတာနဲ့ ဟိုဘက်ကလည်း ရဲစခန်းထဲကို ပစ်ခတ်တယ်ပေါ့။ (ရဲစခန်းကို) တစ်ချက်ပဲ ဗုံးသီးနဲ့ ပစ်ပြီးတော့ ပြန်ဆုတ်လိုက်တယ်။ အထဲမှာ ရဲမိသားစုဝင်တွေ ရှိတယ်လေ” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်အတွင်း စစ်ကောင်စီအခြေစိုက်စခန်းများကို ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ်ကာ KNLA နှင့်အတူ ဒေသခံ PDF၊ ပကဖအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။
”ဘာပဲပြောပြော သိမ်ဇရပ်မြို့မရဲစခန်းထဲကို ကျွန်တော်တို့ ဝင်ပစ်နိုင်တယ်ဆိုတော့ သူတို့တော့ နည်းနည်းတော့ တုန်လှုပ်မှုတော့ ရှိတာပေါ့။ ကျွန်တော်တို့ ပြန်ဆုတ်ပြီး ဝေးဝေးရောက်မှ သူတို့ရမ်းသန်းပစ်ခတ်တာတွေ ခြောက်လှန့်တာတွေ အဲလိုမျိုးရှိတာပေါ့” ဟု KRF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ခမရ ၂၀၇ တပ်ရင်းသည် KNU တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၃ နှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေပြီး စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည့် KNU ထိန်းချုပ်နယ်မြေများသို့ သွားလာရာလမ်းကြောင်းပေါ်တွင် ရှိသည်ဟု သိရသည်။
“လွတ်မြောက်နယ်မြေဘက်ကို စစ်ကြောင်းထိုးတာတွေရှိတယ်။ ရွာတွေဘက်ကို စစ်ကြောင်းထိုးတာတွေ ရှိတယ်။ မြို့တွေထဲမှာ ပုံမှန်ကင်းလှည့်တာ စစ်အင်အားတိုးမြှင့်ထားတာရှိတယ်။ သူတို့ (စစ်တပ်) အနေနဲ့ကတော့ ဒီလမ်းကြောင်းကိုပဲ သုံးရတာပဲလေ။ ကျိုက်ထိုဖြတ်မယ် ဘီးလင်းဖြတ်မယ်၊ သထုံကနေ ဘားအံထဲကို ဝင်မယ် အဲလိုမျိုးတွေတော့ရှိတယ်” ဟု KRF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာမှ ဒလန်ဟု ယူဆရသူ စစ်မှုထမ်းဟောင်းတစ်ဦးကိုလည်း မေ ၂၄ ရက်က ပစ်သတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
မွန်ပြည်နယ်အတွင်း KNU ထိန်းချုပ်နယ်မြေနှင့် နီးစပ်သည့် ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားလေ့ရှိကာ တနင်္သာရီတိုင်းနှင့် ထိစပ်နေသည့် မွန်ပြည်နယ်တောင်ပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုရှိသည်။
ယခုလ ၂၁ ရက်က ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် သွားလာသည့် စစ်တပ်ယာဉ်တန်းကို KNLA နှင့် ပူးပေါင်းတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။
ရေးမြို့နယ် အရုတောင်ကျေးရွာအုပ်စုရှိ ကျေးလက်လမ်းတစ်နေရာတွင် မေ ၂၀ ရက်က စစ်တပ်၏ ခလရ ၆၂ နှင့် ခလရ ၃၄၃ ပူးပေါင်းစစ်ကြောင်းနှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ရေးမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားသည်။
မွန်ပြည်နယ်အတွင်း ဒေသခံတော်လှန်ရေးအင်အားစုများနှင့် KNU တို့ ပူးပေါင်း၍ စစ်ကောင်စီကို ခုခံတော်လှန်နေသော်လည်း ဝါရင့်မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီကမူ နေပြည်တော်သို့ သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)