
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယနေ့ (မေ ၂၃) ရက် နံနက်ပိုင်းတွင် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး ခြေထောက်ဖြတ်ရသည်အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိသည်။
ယနေ့ နံနက် ၈ နာရီကျော်တွင် မင်းတပ်မြို့ပေါ်ရှိ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ၁၀ မိုင်ခန့်အကွာရှိ မဒပ်ရွာသို့ ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ်နှင့် အသက် ၄၀ အရွယ် အမျိုးသမီး ဒဏ်ရာအပြင်းအထန်ရခဲ့ခြင်းဖြစ်သည်။
မင်းတပ်မြို့တွင်းရှိ စစ်တပ်က လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိပြီး ယနေ့တွင် ဒဏ်ရာရရှိသူနှစ်ဦးအပြင် နေအိမ်နှစ်လုံးလည်း ပျက်စီးသည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ၏ မင်းတပ်မြို့နယ်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။
“ရွာဘက်တွေကို ဦးတည်ပြီးတော့ လက်နက်ကြီးတွေ ခဏခဏ ပစ်တာပဲ။ တောက်လျှောက်ပစ်တာ။ ပြည်သူတွေရှိတဲ့ရွာကို ရည်ရွယ်ချက်ရှိရှိ ပစ်တာ။ ဒါက အပြစ်မဲ့ပြည်သူတွေကို လူမျိုးသုန်းသတ်ဖြတ်တာပဲ” ဟု ၎င်းက ဆက်ပြောသည်။
ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော ကလေးငယ်နှင့် အမျိုးသမီးကို မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ဆေးကုသပေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
စစ်တပ် စခန်းချထားရာနေရာကို ယမန်နေ့ ညတွင် CDF မင်းတပ်က သွားရောက်တိုက်ခိုက်ရာ မိနစ် ၃၀ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးကြောင်း CDF (မင်းတပ်) က ယနေ့ သတင်းထုတ်ပြန်သည်။
ယမန်နေ့ညက မင်းတပ်မြို့တွင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းလာသည့်အတွက် CDF မင်းတပ်အနေဖြင့် သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆလိုင်းဟာအွမ်က ဆိုသည်။
“စကစနဲ့ ပူးပေါင်းပြီး ကျောင်းတွေပြန်ဖွင့်လာပြီဆိုရင်တော့ CDF မင်းတပ်အနေနဲ့ ဒါကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်။ သူတို့ယန္တရားလည်ပတ်အောင်လုပ်ရင်တော့ ကျွန်တော်တို့က တုံ့ပြန်မယ်။ ကျောင်းပြန်ဖွင့်လာရင် ဒီထက် ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်အပါအဝင် စစ်ရေးအရ အချက်အချာကျသည့် မတူပီမြို့နယ်သို့ ရိက္ခာနှင့် လက်နက်အင်အား ဖြည့်တင်းရန် သွားသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ဒေသခံ CDF အဖွဲ့များက မကြာခဏကြားဖြတ်တိုက်ခိုက်နေသည်။
အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နယ်နှင့် တစ်ဝိုက်တွင် စစ်ကောင်စီနှင့် CDF တပ်ဖွဲ့များ အပြန်အလှန်တိုက်ခိုက်နေဆဲဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့ပေါ်တွင်သာ အခြေစိုက်တပ်စွဲထားနိုင်ပြီး မြို့ပြင်ပ၊ ကျေးရွာများနှင့် ဒေသများကို CDF က ထိန်းချုပ်ထားသည်။
စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံခဲ့ရာ ဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ပြီးခဲ့သည့် မေ ၁၃ ရက်တွင် စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ကြေညာခံခဲ့ရသည်။
ချင်းတိုင်းရင်းသားများကလည်း ၎င်းတို့ကိုယ်ပိုင်အစီအစဉ်ဖြင့် အုပ်ချုပ်မည်ဖြစ်ကြောင်း ကြေညာကာ စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံတော်လှန်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)