အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ကြောင့် ကသာမှ ကိုရင် ၇ ပါး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနှင့် ဗလီပျက်စီး

စစ်ကောင်စီ နယ်မြေရှင်းလင်းရေးလုပ်နေသည့် စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် ရွာများမီးရှို့ခံရကာ ဘုန်းကြီးကျောင်းနှင့် ဗလီပျက်စီး၊ ကိုရင် ၇ ပါး ဒဏ်ရာရပြီး အမျိုးသမီးတစ်ဦး သေသည်ဟု စစ်တပ်ကို ပူးပေါင်းခုခံနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသခံအချို့က ပြောသည်။

ဆက်လျက်ရှိသည့် ထီးချိုင့်၊ ကသာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းဒေသတွင် မေ ၁၆ မှစ၍ စစ်ဆင်ရေးလုပ်နေသည့် စစ်တပ်ကို PDF က ချုံခိုတိုက်ခိုက်နေရာ စစ်တပ်က အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ၎င်းတို့ထံမှသိရသည်။

မေ ၁၉ တွင် ထီးချိုင့်မြို့နယ် ကြက်တစ်ကောင်ရွာ၊ ကသာမြို့နယ် သပြေသာရွာအကြား တိုက်ပွဲဖြစ်ပြီးနောက် အနီးအနားမှ ကျေးရွာများကို စစ်တပ်က ရန်ရှာသည်ဟု ၎င်းတို့က ပြောသည်။

ထိုတိုက်ပွဲအပြီးတွင် သပြေသာရွာ၊ ထိုရွာအနီးရှိ အင်းရွာတို့ မီးရှို့ခံရကြောင်း PDF နှင့် ဒေသခံအချို့က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သပြေရွာပျက်စီးမှုကို အတိအကျမသိရသေးသော်လည်း အိမ်ခြေ ၃၀၀၀ ခန့်ရှိသည့် အင်းရွာတွင် နေအိမ် ၂၀ ခန့်နှင့် ဗလီ မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ထိုရွာသားတစ်ဦးက ပြောသည်။

“ဗလီကတော့ ဘာမှ မကျန်တော့ဘူး။ ဗလီဝင်းထဲက ကျောင်းထိုင်ရဲ့ မိသားစုဝင်တွေနေတဲ့ အိမ်တွေကိုလည်း ရှို့သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်စေလိုသော ထိုရွာသားက ဆိုသည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ် အင်းရွာရှိ နေအိမ်အချို့ မေ ၁၉ရက်က မီးလောင်နေစဉ်။ ဓာတ်ပုံ – ပေးပို့

ထို့နောက် မွန်းလွဲ ၃ နာရီခန့်တွင် အင်းရွာမှ အနောက်ဘက် ၁ မိုင်ဝန်းကျင်အကွာရှိ ပေလမ်းကုန်းရွာကို ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ရာ ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင်ပေါ် ကျခဲ့ကြောင်း စစ်တပ်ကို ပူးပေါင်းခုခံနေသော အဖွဲ့တစ်ခုဖြစ်သည့် တကောင်း PDF တာဝန်ရှိသူက ပြောသည်။

“ခေါင်းမိုးကနေ ပေါက်ပြီး ကြမ်းပြင်အထိ ကျပြီးကွဲတာ” ဟု အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်မဖော်လိုသော ထိုသူက ဆိုသည်။

ထိုကျောင်းဆောင်တွင် ပြီးခဲ့သည့် ရက်ပိုင်းကမှ ရဟန်းခံရှင်ပြုထားသည့် ရွာခံ ကိုရင်လေးများရှိနေရာ ၇ ပါး ဒဏ်ရာရ၍ ကိုရင်တစ်ပါး၏ မိခင် သေဆုံးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“သားအမိနှစ်ယောက်ထိုင်နေတဲ့ နေရာကို ကျပြီးတော့ နှစ်ယောက်လုံးထိတာ၊ ကိုယ်ရင်လေးရော၊ မိခင်ရော၊ ခြေထောက်တွေထိတယ်” ဟု ၎င်းက ပြောသည်။

“ကိုရင်လေးကို ကယ်နိုင်ပေမဲ့ မိခင်ကကျတော့ အကြောက်လွန်သွားတာရော၊ သွေးထွက်လွန်တာရော ပါမယ်၊ ဆေးရုံပို့နေတုန်း ဆုံးသွားတယ်၊ ဗုံးကျပြီး တစ်နာရီလောက်ကြာတော့ ဆုံးသွားတာ” ဟု အထက်ပါ PDF က ဆက်ပြောသည်။

ဗုံးစထိမှန်သည့် ကိုရင်များထဲတွင် အသက် ၄ နှစ်မှ ၁၂ နှစ်အထိ ပါဝင်ပြီး ခြေထောက်၊ မျက်နှာ၊ ဦးခေါင်းနှင့် နောက်ကျောတို့တွင် ဒဏ်ရာများရထားကြောင်း၊ မိုင် ၃၀ ကျော်ဝေးသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း ၎င်းထံမှ သိရသည်။

Myanmar Now က ရရှိထားသော ဓာတ်ပုံအချို့တွင် ဒဏ်ရာများကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေသည့် ကိုရင်ငယ်အချို့ကို နာကျင် ထိတ်လန့်နေသည့် အသွင်ဖြင့် တွေ့ရသည်။

ကြက်တစ်ကောင်ရွာ ဧရာဝတီမြစ်ဆိပ်တွင် စစ်ကောင်စီ သင်္ဘောသုံးစီး ဆိုက်ကပ်ထားကာ ခြေလျင်စစ်ကြောင်းများ ရှိနေဆဲဖြစ်၍ ထိုဒေသတွင်းရှိ ဒေသခံများ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြောင်း ယနေ့ (မေ ၂၀) နံနက်ပိုင်းတွင် အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

ထိုဒေသတွင် စစ်ကောင်စီကို ကသာ၊ အင်းရွာ၊ တကောင်း၊ ထီးချိုင့် ဒေသခံ PDF အဖွဲ့များ ပူးပေါင်းခုခံနေခြင်းဖြစ်သည်။ 

တစ်ပတ်ဝန်းကျင်ရှိလာပြီဖြစ်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ၁၆ ဦးခန့် သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရထားကြောင်း တကောင်း PDF အဆိုအရ သိရသည်။ PDF ဘက်မှ သေဆုံးသူရှိမရှိကိုမူ ရှင်းလင်းစွာ မသိရပါ။

အထက်ပါဖြစ်စဉ်များကို စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်၊ ကသာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ကျေးရွာအချို့ တည်နေရာပြမြေပုံ။

စစ်ကိုင်းတိုင်းသည် စစ်ကောင်စီကို ရရာလက်နက်ဖြင့် တော်လှန်နေသည့် နိုင်ငံအနှံ့ ခုခံမှုများအတွင်း အထင်အရှားပါဝင်သည်။

အရပ်သားအစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းချိန် တစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးတွင် စစ်ကောင်စီစစ်ဆင်ရေးများအတွင်း ဘာသာရေးအဆောက်အအုံများ မီးလောင်၊ လက်နက်ကြီးထိမှန်မှုများ မကြာခဏဖြစ်ပွားနေသည်။

ကယားနှင့် ချင်းပြည်နယ်အတွင်း ဖျက်ဆီးခံရသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်ဖြစ်စဉ်များမှာ ထင်ရှားသည်။

ထိုလုပ်ရပ်များကို ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းသည့် စစ်ကောင်စီက PDF တို့ကြောင့် သံဃာအချို့ သေဆုံးနေရသည်ဟု တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button