သတင်း

ရန်ကုန် ရှစ်မိုင်စစ်ရုံးနှင့် ပါရမီလမ်းမီတာရုံး ဗုံးပေါက်ကွဲ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရုံးနှင့် အင်းစိန်လမ်းမပေါ်ရှိ မီးတာရုံးတို့တွင် ယနေ့ (မေ ၂၀ ) နံနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး အနီးတဝိုက်ကို စစ်တပ်က ပိတ်ဆို့ရွာဖွေနေသည်ဟု မြို့ခံများထံမှ သိရသည်။ 

ရန်ကုန်တိုင်း စစ်ရုံးဘက်ကို ရှစ်မိုင်ကုန်းတံတားပေါ်မှနေ၍ လက်ပစ်ဗုံးပစ် တိုက်ခိုက်ဖြစ်ကာ ပစ်ခတ်သူ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ရန်ကုန်တိုင်းအစိုးရုံးအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ 

“အဲဒီနားကို ဗုံးနဲ့ဝင်ပြီးတော့ ပစ်သွားတယ်။ ပစ်သွားတဲ့နောက်ကို စကစ က သေနတ်နဲ့ လိုက်ပစ်ခတ်တာ မျိုးလည် ဖြစ်သွားတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။ 

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကလည်း ရှစ်မိုင်လမ်းဆုံတွင် စစ်တပ်က ပိတ်ဆို့စစ်ဆေးနေသည်ကို မြင်တွေ့ရပြီး ၎င်း၏မိတ်ဆွေတစ်ဦး ပစ်ခတ်ခံရသည်ဟု ပြောသည်။​

“ဒီမနက်တော့ ၈ မိုင် ကုန်းတံတားပေါ်မှာ ပိတ်စစ်နေတာ တွေ့ခဲ့ရတယ်။ ပိတ်လို့ ပြန်ကွေ့တဲ့ ကားတွေကို လည်းလိုက်ပြီးတော့ သေနတ်နဲ့ ပစ်ခတ်တယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။ 

အင်းစိန်လမ်းမနှင့် ပါရမီလမ်းထောင့်ရှိ မီတာရုံးတွင်လည်း ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး မရမ်းကုန်းနှင့် လှိုင်မြို့နယ် ရပ်ကွက်အတွင်းရှိ လမ်းများတွင် စစ်ကား ၇ စီးခန့် လုံခြုံရေးယူထားသည်ကို တွေ့ရသည်ဟု မရမ်းကုန်းမြို့နယ်တွင် စျေးဆိုင်ဖွင့်ထားသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

“စစ်တပ် ချည်မျှင်စက်ရုံဘေးက မီတာရုံး ဒီမနက်မှာ ဗုံးပစ်ခံရပြီးတော့ အင်းစိန်လမ်းနဲ့ ပါရမီလမ်းမမှာ  ပိတ်စစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သတ်ပြီး ရန်ကုန်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ များက သတင်းထုတ်ပြန်ချက်မရှိသလို စစ်ကောင်စီကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ထို့ပြင် ဗုံးပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပေ။​

မဲစာရင်းမှာယွင်းသည်ဆိုကာ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သော စစ်ကောင်စီကို မြန်မာနိုင်ငံတဝန်းတွင် လက်နက်ကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်နေပြီး ရန်ကုန်ကဲ့သို့သော မြို့ကြီးများလည်း ပြောက်ကျားနည်းဖြင့် မကြာခဏ ဗုံးခွဲတိုက်ခိုက်မှုများရှိသည်။​

ရန်ကုန်မြို့ရှိ စစ်ကောင်စီပစ်မှတ်များကို မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ရာတွင် အမျိုးသား ညီညွတ်ရေးအစိုးရအောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် နန်းထိုက်အောင် စစ်ဆင်ရေးဟု အမည်ပေးထားသည်။

နန်းထိုက်အောင် စစ်ဆင်ရေးအရ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဧပြီ ၈ ရက်မှ ၁၀ အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုကို တိုက်ခိုက်ခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် အဖွဲ့များက ထုတ်ပြန်ထားသည်။

ဧပြီ ၉ တွင် ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့သလို မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ကမာရွတ်မြို့နယ် အင်းလျားလမ်းပေါ်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ နေထိုင်ရာ အိမ်ရာဝင်းရှိ ကင်းစခန်းကို ပစ်ခတ်ခဲ့ကြောင်း ဧပြီ ၁၁ တွင် ထုတ်ပြန်ထားသည်။ 

မေ ၁၈ နံနက်ပိုင်းက ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ သဲအိတ်ကာ စစ်ကောင်စီကင်းစခန်းကို YGN-Burmese Ranger Army-LDF ၊ Myanmar Ranger Forces – MMRF ၊ MYD အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ 

မကြာခဏ ပြောက်ကျားတိုက်ခိုက်မှုများ ရင်ဆိုင်နေရသဖြင့် စစ်ကောင်စီက ရန်ကုန်မြို့တွင် လမ်းဆုံလမ်းခွများပါမကျန် နှစ်ထပ်ဘန်ကာများ အခိုင်အမာဆောက်လုပ်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button