
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်၏ နေအိမ်ကို ယမန်နေ့ (မတ် ၁၇) ညပိုင်းတွင် အမည်မသိ လူတစ်စုက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မီးရှို့ခံရသဖြင့် ပန်းထိမ်ဖိုတစ်ခုအပါအဝင် နွားထိုးကြီးမြို့ အမှတ် ၃ ရက်ကွက်ရှိ ဦးနိုင်ထူးအောင်၏အိမ်တစ်ခုလုံး မီးလောင်ပျက်စီးသည်ဟု မြို့ခံများက ဆိုသည်။
နေအိမ်ကို မီးမရှို့ခင်အချိန်တွင် မြင်းခြံဘက်မှ အဖြူရောင် လိုက်ထရပ်ကားတစ်စင်းဖြင့် အမည်မသိ လက်နက်ကိုင် အင်အား ၂၀ ကျော် ရောက်ရှိလာပြီး နွားထိုးကြီးမြို့ခံ ပျူစောထီးအဖွဲ့ဝင်များနှင့် ပူးပေါင်းခဲ့ကြောင်း၊ သေနတ်ပစ်ဖောက်သံများ၊ အော်ဟစ်သံများကြားခဲ့ရသော်လည်း ထွက်မကြည့်ရဲခဲ့ကြောင်း အသက် ၅၀ ကျော်အရွယ် နွားထိုးကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မနေ့က ညနေကတည်းက ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေကို ဖယ်ခိုင်းနေတယ်လို့ သိရတယ်။ ပြီးတော့ သူတို့လာတဲ့ လမ်းကြောင်းတစ်လျှောက်မှာ စစ်တပ်က ကင်းပုန်းချထားပေးတယ်။ နွားထိုးကြီးက ပျူစောထီးတွေနဲ့ ပေါင်းပြီး အိမ်နောက်ဘက်က ပန်းထိမ်ဖိုအဆောင်ကို မီးရှို့တယ်။ အိမ်မကြီးကိုတော့ ဗုံးနဲ့ ခွဲသွားတယ်” ဟု ၎င်းက ပြောသည်။
မီးရှို့ဖျက်ဆီးမှုကြောင့် ဦးနိုင်ထူးအောင်၏ နေအိမ်အနောက်ဘက်ရှိ အိမ်တစ်လုံးလည်း မီးလောင်ကျွမ်းခဲ့ပြီး မိသားစုဝင်များမှာ ထိုနေအိမ်မှ တိမ်းရှောင်နေသည်မှာ အာဏာသိမ်းပြီး မကြာခင်ကာလကတည်းက ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုမြို့ခံက ဆက်ပြောသည်။
အဆိုပါ မြင်းခြံမြို့မှ ရောက်ရှိလာသည့် ပျူစောထီးအဖွဲ့ဝင်များသည် ဦးနိုင်ထူးအောင်၏ နေအိမ်ကို မီးရှို့ဖျက်ဆီးရန် တစ်ကြိမ်ကြိုးပမ်းခဲ့ဖူးကြောင်း အခြားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“သူ့ရဲ့ မိသားစုဝင်တွေကတော့ အဲဒီမှာ မနေကြတော့တာ ကြာပြီ။ အရင်ကတော့ မိသားစုဝင်တွေများတော့ အဝင်အထွက်များတယ်။ သူ့ရဲ့ အဘွားတို့ဘာတို့လည်း နေကြတယ်။ သူ့ညီမိသားစုရှိပေမဲ့ အဲဒီအိမ်မှာ မနေကြပါဘူး” ဟု အသက် ၄၀ အရွယ် အဆိုပါ အမျိုးသားက ဆက်ပြောသည်။
ဦးနိုင်ထူးအောင်တွင် အသက် ၆၀ အရွယ် မိခင်နှင့် အသက် ၃၀ အရွယ် ညီဖြစ်သူ မိသားစုသာရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မိသားစုလိုက် တိမ်းရှောင်နေကြရသည်။
ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ရွေးကောက်ပွဲမဲရလဒ်အပေါ် အကြောင်းပြ အာဏာသိမ်းခဲ့ပြီးနောက် ဦးနိုင်ထူးအောင်သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)