သတင်း

ပျူစောထီးအသတ်ခံရသည့် စဉ့်ကူးရှိ ရွာအချို့ကို စစ်တပ်မီးရှို့ဟု ဒေသခံတို့ပြော

ပျူစောထီးတပ်ဖွဲ့ဝင်ဟု စွပ်စွဲခံရသူတစ်ဦး သတ်ဖြတ်ခံရသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဟင်္သာမကျေးရွာအုပ်စု ကြက်တူရွေးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၁၇) တွင် ရောက်ရှိလာပြီး နေအိမ်များကို မီးလိုက်ရှို့နေသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ 

စစ်တပ်က လေ့ကျင့် သင်တန်းပေး၍ လက်နက်ထောက်ပံ့ပေးထားသည့် ပျူစောထီးအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သော၊ ကြက်တူရွေးကျေးရွာတွင် နေထိုင်သော ကိုထွန်းသင်းဆိုသူကို မေ ၁၆ ညတွင် သတ်ဖြတ်ခဲ့ကြောင်း ဗိုလ်ကျားကြီးပြောက်ကျားအဖွဲ့က ညတွင်းချင်း ကြေညာပြီးနောက် စစ်တပ်က ထိုရွာသို့ ရောက်လာခြင်းဖြစ်သည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ထုံးကြီးကျေးရွာရဲကင်းစခန်းမှ စစ်သားနှင့် ရဲ အင်အား ၂၀ ခန့် ရောက်လာကာ ရွာ ၃ ရွာထက်မနည်းရှိ နေအိမ်များကို မီးရှို့ကြသည်ဟု ဒေသခံအချို့က ပြောသည်။

“ကြက်တူရွေးရော၊ တမာကုန်း၊ မိန်းမလှကျွန်း အဲဒီရွာတွေက အိမ်တွေကို ရှို့နေတာ၊ အသတ်ခံရတဲ့လူရဲ့ ဝန်းကျင်က ရွာသေးလေးတွေကို ရှို့တာ။ အခုအချိန်အထိ အိမ်ခြေ တော်တော်ပါနေပြီ။ အခု ရွာမထဲအထိ ဝင်ပြီးရှို့နေပြီ” ဟု ကြက်တူရွေးရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ရှိနေဆဲဖြစ်၍ ပျက်စီးဆုံးရှုံး၊ ထိခိုက်၊ သေဆုံး၊ ဖမ်းဆီးခံရမှုအခြေအနေကို မသိရသေးကြောင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ကျောင်းဆရာမ၏နေအိမ် ပစ်မှတ်ထား ဖျက်ဆီးခံရကြောင်း စဉ့်ကူးမြို့နယ်အခြေစိုက် ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့ မွန်းတည့် ၁၂ နာရီတွင် ပြောသည်။

“လတ်တလောက မီးရှို့နေတုန်းပဲရှိသေးတယ်၊ အခုထိ ဘယ်နှအိမ်ပါသွားပြီလဲ၊ ဘယ်တွေ ဆက်ရှို့နေလဲ မသိရသေးဘူး။ စရှို့တော့ CDM ကျောင်းဆရာမတစ်ယောက်ရဲ့အိမ်ကို စရှို့တာ၊ မြစ်ကမ်းဘေးမှာ ရှိတဲ့ အိမ်တွေ ရှို့နေတာ”။

စစ်ကောင်စီတပ်ဖွဲ့ ရောက်လာချိန်မှစ၍ ဟင်္သာမနှင့် အနီးဝန်းကျင်ရှိရွာများမှ ဒေသခံတို့ တိမ်းရှောင်နေကြသည်ဖြစ်၍ မီးငြှိမ်းသတ်နိုင်ခြင်းမရှိသေးဟု အထက်ပါ ဒေသခံတို့က ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီကို မေး၍မရသေးပါ။

အာဏာသိမ်းပြီးတစ်နှစ်ကျော်လာချိန်တွင်ပင် စစ်ကောင်စီကို နည်းမျိုးစုံ ဆန့်ကျင်နေဆဲဖြစ်သည့် မန္တလေးတိုင်းအတွင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းနေဆဲဖြစ်သည်။

ထိုသို့ အာခံမှုများကို နှိမ်နင်းသည့် စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ မီးလောင်ပျက်စီးခဲ့သည့် အိမ်ခြေ ၁၀၀၀၀ ကျော်ရှိပြီဟု အရပ်ဘက်လေ့လာရေးအဖွဲ့ Data For Myanmar က က မေ ၁ တွင် ထုတ်ပြန်ကြေညာထားသည်။

ပြည်သူပိုင်နေအိမ်များကို ၎င်းတို့ မီးမရှို့ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။ 

သို့သော် ၂၀၁၆၊ ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုများကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စစ်ကောင်စီက အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button