အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရသေ့တောင်ဒုက္ခသည်စခန်းမှ ရခိုင်လူငယ်သုံးဦးကို စစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတိပေးချက်ထုတ်ပြန် ပြီးနောက် ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှ ရခိုင်လူငယ်သုံးဦးကို စစ်ကောင်စီက ယမန်နေ့ (မေ ၁၇) တွင် ဖမ်းဆီးလိုက်သည်။

အဖမ်းခံရသူတို့မှာ ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာမှ အသက် ၁၆ နှင့် ၁၇ နှစ်ရွယ် များဖြစ်သည့် မောင်အောင်မျိုးခန့်၊ မောင်နေထွန်းဦးနှင့် မောင်ခိုင်မျိုးလင်းတို့ဖြစ်ကြောင်း၊ ရသေ့တောင်မြို့ပေါ်ရှိ ပြည်လုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသူများဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ 

“အဲဒီကလေးသုံးယောက်က အိမ်ကနေပြေးကြတာ။ ဆိုင်ကယ်တစ်စီးနဲ့ ထွက်ပြေးကြတာ။ အဓိကတော့ ဒုက္ခသည်စခန်းမှာနေလို့ မ‌ပျော်လို့ပေါ့။ အလုပ်သွားလုပ်မယ်ဆိုပြီး သံတွဲဘက်ကို ထွက်ပြေးကြတာ၊ ဆိုင်ကယ်တစ်စီးနဲ့” ဟု ရသေ့တောင်မြို့ခံ အမျိုးသားက ဆိုသည်။

အဆိုပါ ရခိုင်လူငယ်သုံးဦးမှာ ရသေ့တောင် – ပုဏ္ဏားကျွန်းကားလမ်းအတိုင်းလာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာအနီးရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်စဉ် ဖမ်းဆီးခံရဖြစ်သည်ဟုလည်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပေါက်တောပြင်ဂိတ်ကိုကျော်တဲ့အခါ ညနေ ၅ ဝန်းကျင်လောက်မှာ ဖြစ်နေတယ်။ သူတို့အဖမ်းခံထားရ တယ်ဆိုပြီး ဖုန်းနဲ့စကား တစ်ခွန်းနှစ်ခွန်း ပြောပြီးတာနဲ့ ဖုန်းကျသွားတယ်။ နောက် အဆက်အသွယ်မရ လိုက်တော့ဘူးလို့ပြောတယ်” ဟု ရသေ့တောင်မြို့ခံက ပြောသည်။

ထိုသုံးဦးမှာ ယမန်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပုဏ္ဏားကျွန်းဘက်သို့ သွားမည်ဟုပြောဆိုကာ ဆိုင်ကယ်တစ်စီးဖြင့် ထွက်သွားကြပြီး ညနေ ၅ နာရီခန့်တွင် ဖမ်းဆီးခံထားရသည်ဟု တခွန်းပြောဆိုပြီး ဖုန်းကျသွားသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ငါတို့ကိုဒီမှာဖမ်းထားတယ်ဆိုပြီး တခုပဲ ပြောခဲ့တယ်လို့ ပြောတယ်။ ဘယ်နေရာကနေ ဖမ်းတယ်ဆိုတာကို မပြောခဲ့ဘူး။ အဲဒီကတည်းကနေ ဖုန်းက စက်ပိတ်နေတယ်။ မင်းတို့က ဘယ်သူတွေက ဖမ်းတာလဲ၊ ဘယ်လူမျိုးက ဖမ်းတာလဲ၊ ဘယ်မှာဖမ်းတာလဲလို့ မေးလိုက်တဲ့အခါ စစ်သားဆိုပြီးတော့ တစ်ခုတည်းသာ ပြောတယ်တဲ့” ဟု ၎င်းက ပြောသည်။

ရသေ့တောင် – ပုဏ္ဏားကျွန်းကားလမ်းပေါ်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်သုံးခုရှိပြီး ညနေ ၆ နာရီ မှစ၍  ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဖမ်းခံရသူ လူငယ်များ နေထိုင်ရာ ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းမှာ အာဏာမသိမ်းမီက AA  နှင့် စစ်တပ်ကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ ခိုလှုံရာနေရာဖြစ်သည်ဟု သိရသည်။ 

ဆယ်ကျော်သက် ၃ ဦး အဖမ်းခံရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် မြို့မရဲစခန်းနှင့် စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ကို မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ရခိုင်ပြည်နယ်တွင် စစ်ရေးတင်းမာလာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း၊ စစ်သားတို့ ရှိသည့်နေရာများကို ရှောင်ရှားသွားလာကြရန် AA ၏ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မေ ၁၅ ရက်တွင် ထုတ်ပြန်သတိပေးထားသည်။

ရခိုင်ပြည်နယ်အတွင်း AA ၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စစ်ကောင်စီက နှောက်ယှက်နေသည့်အပြင် ၎င်းတို့ အသိအမှတ်ပြုခန့်ထားသော ဝန်ထမ်းများကိုလည်း ဖမ်းဆီးရန် ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

ယခုလဆန်းပိုင်းကလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတိုင်းမှူးကို လူမှုကွန်ရက် Twitter မှတဆင့် လူသိရှင်ကြား သတိပေးခဲ့သည်။​

စစ်တပ်နှင့် AA ကြား နှစ်နှစ်နီးပါးကြာ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေရာမှ ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဖေဖော်ဝါရီလအတွင်း ပြည်နယ်မြောက်ပိုင်း၌ ထိတွေ့တိုက်ပွဲအချို့ဖြစ်ပွားခဲ့သည်။ 

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကို ၎င်းကိုယ်တိုင်တွေ့ဆုံဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်က ဖိတ်ခေါ်ထားရာ အဖွဲ့အချို့က နေပြည်တော်သွားရောက်မည်ဖြစ်ကြောင်း ပြောဆိုထားပြီး AA အပါအဝင် အခြားအဖွဲ့အစည်းအချို့က တွေ့ဆုံဆွေးနွေးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ 

မေ ၁၆ ရက်နေ့က ULA/AA စစ်ဦးစီးချုပ်၊ အထွေထွေအတွင်းရေးမှူးတို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် AA တို့ တွေ့ဆုံ ဆွေးနွေးကြောင်း ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခြင်းဖြစ်ကာ စစ်ကောင်စီနှင့် စစ်ရေးတင်မာနေ ချိန်လည်းဖြစ်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles