
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့၏ နယ်စပ်အနီးရှိ မိုးဗြဲမြို့အခြေစိုက် အမှတ် ၄၂၂ ခြေမြန်တပ်ရင်း ကင်းစခန်းတစ်ခုကို ယနေ့ (မေ ၁၄) နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MB PDF တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်ရန်အတွက် နံနက် ၁ နာရီခန့်ကတည်းက စောင့်ဆိုင်းနေခဲ့ပြီး ၆ နာရီတွင် စတင်တိုက်ခိုက်ခဲ့သည်၊ မိနစ် ၃၀ ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟုလည်း MB PDF က ထုတ်ပြန်သည်။
ကင်းစခန်းနှင့် ကိုက် ၁၀၀ အကွာတွင်ရှိသည့် ခမရ ၄၂၂ တပ်ရင်းက လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ပြန်ဆုတ်လိုက်ရသည်၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် မိုးဗြဲ PDF တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ကာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု MB PDF တပ်ရင်းမှူး အောင်မင်းက Myanmar Now ကို ပြောသည်။
ခမရ ၄၂၂ တပ်ရင်းသည် ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး တည်ဆောက်ထားသည့် မိုးဗြဲရေကာတာစောင့် တပ်ရင်းဖြစ်သည်။
မေလ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ထီရိကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် မိုးဗြဲဆည်အရှေ့ဘက်ကမ်းတွင် စစ်တပ်က လမ်းများပိတ်ဆို့ထားသည်ဟုလည်း တပ်ရင်းမှူး အောင်မင်းက ပြောသည်။
“မိုးဗြဲအခြေအနေက ပြင်းထန်တဲ့ အနေအထားဖြစ်နိုင်တယ်။ အခုလည်း သူတို့ စစ်ကြောင်းတွေ ထိုးလာတယ်” ဟု ၎င်းက ဆိုသည်။
မိုးဗြဲမြို့နှင့် လွိုင်ကော်နယ်စပ်ရှိ ဝါရီကောခူ၊ ဆောင်ကန်း စသည့်ကျေးရွာများတွင် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ယနေ့နံနက်တိုက်ပွဲနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း စခန်းတိုက်ခိုက်ခံရမှုများကို လျှို့ဝှက်ထားတတ်သည်။
မေ ၁၃ တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် ဒီးမော့ဆိုမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဒီးမော့ဆို PDF နှင့် ဖရူဆို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များဘက်က သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့စစ်အဖွဲ့များ
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် စစ်ရေးအတွက် ပြည်သူ့စစ်များကို ပိုမို အသုံးပြုလာနေသည်။
စစ်ကိုင်းတိုင်းကဲ့သို့သော နေရာမျိုးတွင် ဒေသခံ အရပ်သားတို့ကို လက်နက်ငယ်သင်တန်း ရက်တိုပေးကာ ပြည်သူ့စစ်အဖွဲ့များ ပေါ်ပေါက်ရေး လုပ်ဆောင်နေပြီး နိုင်ငံအရှေ့ပိုင်းတွင်မူ ပြည်သူ့စစ်အဖွဲ့များ ရှိနေပြီးဖြစ်သည်။
ကယန်းအမျိုးသားကာကွယ်ရေးတပ် (KNG) သည် ကယန်းပြည်သစ်ပါတီ (KNLP) မှ ၁၉၉၂ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
KNG က မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည်ဟု မြေပြင်တွေ့ရှိချက်များကို ကိုးကား၍ ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။
ထို့အတူ ရှမ်းပြည်နယ်ရှိ ပအိုဝ်းလူမျိုးများ နေထိုင်ရာဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ လက်နက်ကိုင်တပ် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) သည်လည်း စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အသွင်ပြောင်း ဌာနေပြည်သူ့စစ်အဖွဲ့ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)