သတင်း

တပ်က လက်နက်ကြီးသုံးသည့် ရေဦးတိုက်ပွဲတွင် ပကဖအဖွဲ့ဝင် ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တောင်ဘက် ၅ မိုင်အကွာ မုန်တိုင်ပင်ရွာအနီး ယမန်နေ့(မေ ၁၀) တိုက်ပွဲတွင် သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင်နှစ်ဦး၏ အလောင်းများကို ယနေ့အထိ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောသည်။ 

ရေဦးမြို့နယ်အရှေ့ခြမ်းတွင် တစ်ရွာပြီးတစ်ရွာ စစ်ကြောင်းထိုးလာသည့် စစ်သား ၇၀ ခန့်ကို မေ ၁၀ ၌ မုန်တိုင်ပင်ရွာအနီးအရောက် ဒေသခံအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုကေဂျီထံမှ သိရသည်။

“မူးရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း တိုက်တာ။ ကျွန်တော်တို့ မိုင်းဆွဲတာပေါ့ဗျာ။ သူတို့က ပြန်ပစ်တော့ ကျွန်တော်တို့က ပြန်ပစ်တယ်။ တိုက်ပွဲက တစ်နာရီလောက်တော့ ကြာတယ်၊ ကျွန်တော်တို့က မူးရဲ့ အရှေ့ဘက်မှာ စစ်သားတွေက မူးရဲ့ အနောက်ဘက်ကမ်းမှာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကိုကေဂျီက ပြောသည်။

စစ်တပ်က လက်နက်ကြီး အချက် ၃၀ ကျော် ပစ်ခတ်ခဲ့သည့် ထိုတိုက်ပွဲတွင် ပကဖအဖွဲ့ဝင် အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုရှိုင်းတို့ သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့က ပစ်တဲ့အချိန်မှာ ကလေးတွေ နောက်အဆုတ်မှာ မှန်သွားတာ။ ကျွန်တော်တို့ အလောင်းသွားကောက်တဲ့အချိန် စက်ကလေးနဲ့ တရစပ် ရမ်းပစ်နေလို့ မကောက်နိုင်သေးဘူး” ဟု အထက်ပါအဖွဲ့ခေါင်းဆောင်က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများဘက်မှ အသေအဆုံးရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံပကဖအဖွဲ့များ နောက်ဆုတ်သွားပြီး စစ်သားများ မုန်တိုင်ပင်ရွာတွင် ဝင်ရောက်တပ်စွဲခဲ့ကာ ရွာကို မီးရှို့ကြကြောင်း သိရသည်။ 

ယနေ့တွင်လည်း ရုပ်အလောင်းကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင် နောက်တစ်ဦးဖြစ်သည့် ကိုဘီလုံးက ပြောသည်။

“ကောက်လို့မရသေးဘူး၊ အနားကို ကပ်ကြည့်သေးတယ်။ ကျွန်တော်တို့ ရသလောက် ကြိုးစားကောက်ကြည့်သေးတယ်။ သေနတ်တွေနဲ့ တစ်ဖောင်းဖောင်းပစ်လို့ ပြန်ဆုတ်လာရတာ” ဟု ဆိုသည်။

မုန်တိုင်ပင်ရွာ၌ တပ်စွဲထားသော စစ်သားများက အနီးအနားရှိ အင်ပင်ရွာ၊ လှတောရွာ၊ စည်စုံရွာများကို ယနေ့ လှည့်လည်မီးရှို့နေပြီး မီးလောင်မှုအခြေအနေအတိအကျကို မသိရသေးကြောင်း ထိုသူက ပြောသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၁၄,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းမှ ၇,၅၀၀ ကျော်၊ မကွေးတိုင်းမှ ၂,၁၀၀ ကျော်နှင့် ချင်းပြည်နယ်မှ ၁,၁၀၀ ကျော်ဖြစ်ကြောင်း ထိုအချက်အလက်များကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ ယခုလ ၁ ရက်နေ့ထုတ်ပြန်ချက်က ဆိုသည်။

ဗိုလ်ချုပ်ကြီးများက မီးရှို့မှုမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button