စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခု လှုပ်ရှားနေရာ ၎င်းတို့သွားရာလမ်းတွင် ပစ်ခတ်သတ်ဖြတ်မှုများလုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၅ ဦးနှင့် ဒေသခံ ၃ ဦးထက်မနည်း အသတ်ခံရကြောင်း ထီးချိုင့်-PDF အဖွဲ့က ပြောသည်။
ပြီးခဲ့သည့် မေ ၉ တွင် ကောလင်းမြို့နယ်ဘက်မှ အင်အား ၆၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု ထီးချိုင့်မြို့အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ မရသိမ်ရွာအနီး ရောက်ရှိလာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်တွင် မရသိမ်ရွာအနီး မိုင်းထောင်ရန် ရောက်ရှိနေသည့် PDF ရဲဘော်နှစ်ဦးဖြစ်သည့် အသက် ၁၉ နှစ်အရွယ် တောင်ဆိတ်နှင့် အသက် ၂၄ အရွယ် ဘိုဘိုတို့နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။
ထို့ပြင် မရသိမ်ရွာအတွင်း အခြား PDF တပ်ဖွဲ့ဝင်နှစ်ဦးလည်း စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးပြီး သတ်ဖြတ်ခံရကာ ထိုနှစ်ဦးနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေများကို မသိရသေးဟု ထီးချိုင့်-PDF အဖွဲ့မှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။
“အသေးစိတ်ကတော့ လုံးဝ မသိရသေးဘူး၊ ဖုန်းလိုင်းတွေလည်း အဆင်မပြေဘူး။ အခုက စစ်ကြောင်းလှုပ်ရှားမှုကိုပဲ ဆက်စောင့်ကြည့်နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။
မရသိမ်ရွာတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ထိုနေ့ည ၇ နာရီခန့်တွင် ရွာကို မီးရှို့ခဲ့သည့်အတွက် နေအိမ် ၅ လုံး မီးလောင်ခဲ့ပြီး လေဖြတ်နေသည့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦး မီးလောင်သေဆုံးကာ မီးငြိမ်းရန် ကြိုးစားသည့် အမျိုးသမီး ၂ ဦးကိုလည်း စစ်ကောင်စီက ပစ်ခတ်လိုက်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့က ပြောသည်။
ရွာအတွင်းရှိ ဒေသခံများတိမ်းရှောင်နေသည့်အတွက် သေဆုံးသူအရပ်သားများ၏ ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုလည်း မသိရသေးပေ။
မရသိမ်ရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ် ယမန်နေ့က သတင်းထုတ်ပြန်ရာတွင် မေ ၉ ရက်၊ ညနေ ၆ နာရီခန့်တွင် မရသိမ်ရွာ၏ အနောက်မြောက်ဘက်၌ PDF များနှင့် တွေ့ရှိပြီး အပြန်အလှန်ပစ်ခတ်စဉ် အလောင်းအချို့နှင့် လက်နက်မျိုးစုံ ၁၀ လက်၊ လက်ပစ်ဗုံး ၂၆ လုံးတို့ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ကလည်း ထီးချိုင့်မြို့အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ မရသိမ်ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံစခန်း တိုက်ခိုက်ခံရပြီး PDF ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။
ကောလင်းမှ ရောက်လာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ကြိုရန် အင်အား ၆၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခု ထီးချိုင့်မှ ထွက်ခွာခဲ့ပြီး မေ ၉ က ဘိုတဲကုန်းရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးကာ ပစ်သတ်လိုက်သည်ဟု ထီးချိုင့်-PDF ဘက်မှ တာဝန်ရှိသူက ပြောသည်။
အသတ်ခံရသူမှာ အသက် ၃၀ ခန့်ရှိသည့် PDF ရဲဘော် ကိုစိုးမင်းပိုင်ဖြစ်ပြီး ဈေးထွက်ဝယ်စဉ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဈေးထွက်ဝယ်လို့ တွေ့ပြီးဖမ်းသွားတာ၊ ဖမ်းသွားပြီး စစ်ရင်းနဲ့ သူ့မှာ လက်ပစ်ဗုံးတစ်လုံး မိသွားတယ်ပေါ့” ဟု ထီးချိုင့်-PDF တာဝန်ရှိသူက ပြောသည်။
ထို့ပြင် အတည်မပြုနိုင်သေးသည့် သတင်းများအရ အထက်ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဖောင်ဖြင့် စုန်ဆင်းလာသည့် ဒေသခံ ၅ ဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့သည့်အတွက် တစ်ဦးသေဆုံးပြီး ၄ ဦး အဖမ်းခံရသည်ဟု သိရသည်။
ယနေ့နံနက်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခု ပေါက်ပင်ကွင်းရွာတွင် ဆုံကြပြီး အင်အား ၁၃၀ ခန့်ရှိသည့် အဆိုပါ ပူးပေါင်းစစ်ကြောင်းမှာ ပေါက်ပင်ကွင်းရွာကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အဆိုပါ ရွာမှ ဒေသခံ ၁၁ ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု ထီးချိုင့်-PDF ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ ပူးပေါင်းစစ်ကြောင်းမှာ ထီးချိုင့်မြို့သို့ ဦးတည်ထွက်ခွာနေကာ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် ထီးချိုင့်မြို့အနီးရှိ သခွပ်ချောင်ရွာတွင် ရောက်ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထီးချိုင့်မြို့ပေါ်တွင်တော့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိပြီး ထီးချိုင့်တံတားအဆင်း၌ စစ်ကောင်စီတပ်က တားဆီးစစ်ဆေးမှုများလုပ်နေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မရသိမ်ရွာမှာ ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။
ယခင်က ထီးချိုင့်တစ်မြို့နယ်လုံးတွင် စစ်ကောင်စီတပ် အင်အား ၂၀၀ နှင့် ၃၀၀ ကြားရှိပြီး ယခု ထပ်မံပူးပေါင်းလာသည့် တပ်များကြောင့် စုစုပေါင်းအင်အား ၃၀၀ ကျော်အထိ ရှိလာသည်ဟု PDF အဖွဲ့ထံမှ သိရသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ စစ်ကိုင်းတိုင်း၊ ကသာခရိုင်ရှိ ထီးချိုင့်မြို့နယ်အတွင်းတွင်လည်း PDF လှုပ်ရှားမှုများ အားကောင်းနေပြီး ထိုဒေသတွင် စစ်တပ်က လေကြောင်းကပင် ပစ်ခတ်ခဲ့ဖူးသည်။
ကချင်ပြည်နယ်သို့ စစ်အင်အားနှင့် ရိက္ခာ ဖြည့်တင်းရာတွင် ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေးအချက်အချာကျသည့် ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီက အသုံးပြုလေ့ရှိရာ ဒေသခံ PDF တို့က မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)