သတင်း

ထီးချိုင့်တိုက်ပွဲတွင် စစ်ကောင်စီ ၁၂ ဦးထက်မနည်း သေဟု PDF ပြော

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင် ယမန်နေ့ (မေ ၅) နံနက် ၈ နာရီခွဲခန့်က စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေ၍ ဒဏ်ရာရသူများမည်ဟု ဒေသခံ PDF အဖွဲ့က ခန့်မှန်းသည်။

ကုန်တင်ယာဉ်နှစ်စီးဖြင့် ထီးချိုင့်မြို့မှ ၁၀ မိုင်ခန့်အကွာ အလယ်တောရွာသို့ သွားသည့် စစ်ကောင်စီတပ်ကို မြို့နှင့် ၃ မိုင်ဝန်းကျင်၊ ကြက်သေချောင်းရွာအနီးတွင် မိုင်း၊ ၄၀ မမ ဗုံးသီး၊ လက်နက်ငယ်များ သုံး၍ တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ အကျအဆုံးများသည်ဟု ထီးချိုင့် PDF ပြောခွင့်ရသူက ဆိုသည်။

“ကားထက် လူက ပိုထိခိုက်တာပေါ့။ ကျွန်တော်တို့ပစ်တဲ့ ၄၀ မမ ဗုံးသီးက ကားအတွင်းပိုင်းထဲထိကို (၂ လုံးထက်မနည်း) ကျသွားတာ။ မိုင်းနဲ့လည်း ထိတယ်။ ဒါကြောင့် ကျတာ များတာ” ဟု ၎င်းက ပြောသည်။

နာရီဝက်ဝန်းကျင် ကြာမြင့်သည့် ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ၎င်းတို့ဘက်မှ အသက် ၂၂ အရွယ် တပ်ဖွဲ့ဝင်တစ်ဦး သေသည်ဟု အထက်ပါ ထီးချိုင့် PDF တာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ တိုက်ခိုက်ခံရချိန်တွင် ထီးချိုင့်မြို့ဘက်သို့ ပြန်သည့် စစ်ကောင်စီတပ်က ဒေသခံ ၉ ဦးကို လူသားဒိုင်းအကာအကွယ်အဖြစ် ဖမ်းခေါ်သွားကာ မြို့ပေါ်ရောက်မှ ပြန်လွှတ်ပေးသည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ရာ လမ်းပေါ်ရှိ ပေါက်ကုန်းရွာမှ ၃ ဦး၊ သခွပ်ချောင်ရွာမှ ၂ ဦး၊ ကြက်သေချောင်းရွာမှ ၂ ဦး၊ တည်တော်ရွာ မှ ၂ ဦးတို့ကို စစ်ကောင်စီက ဖမ်းသည်ဟု ထိုသူက ပြောသည်။ သီးခြားအတည်မပြုနိုင်ပါ။

ယနေ့ (မေ ၆) မွန်းလွဲပိုင်းတွင် ထီးချိုင့်သုသာန်သို့ စစ်ကောင်စီဘက်က အလောင်းအချို့ လာပို့၍ မီးသင်္ဂြိုဟ်ခဲ့ပြီး ၎င်းတို့ တိုက်ခိုက်၍ သေသူများထဲတွင် အရာရှိတစ်ဦးပါဝင်နိုင်ကြောင်း ထီးချိုင့် PDF တာဝန်ရှိသူက ခန့်မှန်းသည်။ မည်သည့်အတွက် ထိုသို့ ထင်မြင်ယူဆသည်ကိုမူ ရှင်းလင်းစွာမသိရပါ။

အသက် ၄၀ အရွယ် မြို့ခံအမျိုးသားတစ်ဦးက ယနေ့ (မေ ၆) မွန်းလွဲပိုင်းတွင် ထီးချိုင့်မြို့အနောက်ဘက် တိုင်းရင်းဆေးရုံဝင်းအတွင်း၌ စစ်ကောင်စီဘက်မှ သေဆုံးသူ ၆ ဦးထက်မနည်း၏ ရုပ်အလောင်းများကို တွေ့ခဲ့ရကြောင်း ပြောသည်။

ယနေ့ (မေ ၆) နံနက်တွင်မူ ထီးချိုင့်မြို့တွင်း ပုံမှန်အခြေအနေသော်လည်း စစ်ကောင်စီကမူ မြို့အနှံ့ ကင်းပုန်းချထားသည်ဟု ထိုမြို့ခံက ဆက်ပြောသည်။

အထက်ပါ PDF တာဝန်ရှိသူ၏ အဆိုအရ စစ်ကောင်စီတပ်သည် နေရာအနှံ့ ကင်းပုန်းချရုံသာမက နဝရတ်ရပ်ကွက် လူနေအိမ်အချို့၌ပင် စစ်ကောင်စီတပ် ဝင်ရောက်နေရာယူထားကြောင်း၊ မြို့ပေါ်ရဲစခန်းအနီးရှိ သရက်မှော်နှင့် ရွာသစ်ကုန်းရပ်ကွက်တို့မှ ဒေသခံများကို လုံခြုံရေးအကြောင်းပြ၍ ရွှေ့ပြောင်းခိုင်းနေကြောင်း သိရသည်။

ထို့ပြင် ယနေ့တွင် ထီးချိုင့်မြို့အထက်ဘက် အင်းတော်မြို့ဘက်မှ အင်အား ၃၀ ကျော်ပါသည့် စစ်ကြောင်းတစ်ခု ထီးချိုင့်မြို့သို့ ဦးတည်လာနေသည်ဟု သတင်းရထားကြောင်း ထို PDF က ဆက်ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်ထိန်းချုပ်နိုင်သည့်နေရာမှာ မြို့ပေါ်သာဖြစ်ပြီး မြို့ပြင်နှင့် ကျေးလက်ဒေသများကို ဒေသခံ PDF တို့က ထိန်းချုပ်ထားသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ နယ်ဘက်မှာ ဒီကောင်တွေ (စစ်ကောင်စီ) စစ်ကြောင်းမထိုးနိုင်တာ တစ်လလောက်ရှိပြီ။ အခုက ယာဉ်တန်းကြောင့် ထွက်လာကြတာ” ဟု ၎င်းက ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍မရပေ။

ထီးချိုင့်မြို့ တည်နေရာပြမြေပုံ။

ထီးချိုင့်တစ်မြို့နယ်လုံးတွင် စစ်ကောင်စီတပ် အင်အား ၂၀၀ နှင့် ၃၀၀ ကြားရှိပြီး ဧရာဝတီမြစ်အရှေ့ခြမ်းတွင် အင်အား ၁၀၀ ကျော်နှင့် အနောက်ခြမ်းတွင် အင်အား ၁၅၀ ကျော်အထိရှိကြောင်း PDF က ခန့်မှန်းထားသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ စစ်ကိုင်းတိုင်း၊ ကသာခရိုင်ရှိ ထီးချိုင့်မြို့နယ်အတွင်းတွင်လည်း PDF လှုပ်ရှားမှုများ အားကောင်းနေပြီး ထိုဒေသတွင် စစ်တပ်က လေကြောင်းကပင် ပစ်ခတ်ခဲ့ဖူးသည်။

ကချင်ပြည်နယ်သို့ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရာတွင် ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေးအချက်အချာကျသည့် ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီက အသုံးပြုလေ့ရှိရာ ဒေသခံ PDF တို့က မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button