
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် မြို့ပေါ်မှ လက်နက်ကျည်သံများ ကြားရသည်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များဘက်က ဆိုသည်။
ယမန်နေ့ (မေ ၂) နံနက်က ထီးချိုင့်မြို့အရှေ့တောင်ဘက် မိုင်အနည်းငယ်အကွာတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သော Special 9-HPDF အဖွဲ့၊ Fox Army-HPDF အဖွဲ့နှင့် တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။
၁ နာရီခန့်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၂ ဦးခန့် သေဆုံးပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်ဟု Special 9-HPDF မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပြန်ဆုတ်ခွာသွားသည့် ထိုစစ်ကြောင်းကို ယနေ့ မွန်းလွဲမိုင်း၌ ကိုးတဲရွာသုသာန်အနီး ဒေသခံတော်လှန်ရေး ပူးပေါင်း အဖွဲ့များက ၃ ကြိမ်ခန့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့် သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့သည်ဟု ၎င်းတို့က ခန့်မှန်းသည်။
“ညနေပိုင်းမှာတော့ ကျွန်တော်တို့ Special-9 နဲ့ Fox Army နဲ့ ပူးပေါင်းအဖွဲ့က သူတို့(စစ်ကောင်စီ)ပြန်ဆုတ်တဲ့ လမ်းကြောင်းမှာ မိုင််းထောင်ပြီးတော့ ဆွဲလိုက်တာပေါ့၊ ကိုးတဲသင်္ချိုင်းနားမှာ” ဟု ၎င်းက ဆိုသည်။
စစ်တပ်က ရုပ်အလောင်းများကို မိုးကာစများဖြင့် အုပ်ပြီး ကိုးတဲရွာအပြင်ဘက်တွင် ချထားသည်ဟု မြေပြင်သတင်းများရကြောင်း ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲပြီးသည့်နောက် အထိနာသွားသည့် စစ်ကောင်စီတပ်က ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ အင်ဒေါင်း၊ ကိုးတဲ၊ ကြက်တစ်ကောင် စသည့် ရွာများအနီးမှ တောင်ယာတဲ အလုံး ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု PDF အဖွဲ့နှင့် ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ကမူ ၎င်းတို့ မီးရှို့မှု ကျူးလွန်လေ့မရှိဟု ငြင်းခဲ့ဖူးသည်။
တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်များ ပါဝင်တိုက်ခိုက်ခဲ့သည်ဟု နယ်ခံ တော်လှန်ရေးအဖွဲ့များက ပြောသည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်း၍မရသေးပေ။
ကချင်ပြည်နယ်နှင့် နီးစပ်ပြီး နယ်မြေထိစပ်နေသော စစ်ကိုင်းဒေသများတွင် KIA တပ်ဖွဲ့ဝင်များက PDF များနှင့် ပူးတွဲတိုက်ခိုက်နေပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပင်လည်ဘူးတိုက်ပွဲတွင်လည်း ပါဝင်ခဲ့သည်။
ယမန်နေ့က ထီးချိုင့်အရှေ့ပိုင်းတွင် ဖြစ်ပွားသည့်တိုက်ပွဲသံများကို ထီးချိုင့်မြို့ပေါ်မှပင်ကြားနေရသည်ဟု မြို့ခံ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
“တစ်မနက်လုံးပစ်နေတာ မနေ့က ညအထိပစ်နေတာ၊ တစ်နေကုန်နီးပါးပဲ။ အသံတွေကြားနေရတယ်လေ။ တစ်ဒိုင်း ဒိုင်းနဲ့ကိုနေတာ၊ ကျွန်တော်တို့တွေလည်း ကြောက်နေကြတာလေ။ ဘယ်ပြေးလို့ပြေးရမှန်းကိုမသိတာ” ဟု အဆိုပါ မြို့ခံက ဆိုသည်။
ထို့ပြင် ထီးချိုင့်မြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးရုံးအတွင်းမှ လက်နက်ငယ်များဖြင့် ည ၈ နာရီခွဲခန့်တွင်တစ်ကြိမ်၊ ၉ နာရီကျော်ခန့်တွင် တစ်ကြိမ် ခြောက်လှန့်ပစ်ခတ်သံများကို ကြားနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယမန်နေ့ တိုက်ခိုက်၊ ပစ်ခတ်မှုများကြောင့် ယနေ့မနက်တွင် ထီးချိုင့်မြို့တွင် သွားလာလှုပ်ရှားသူ မရှိသလောက် နည်းပါးနေသည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်ကစပြီး ထီးချိုင့်မြို့ ရဲစခန်းအနီးရှိ အရပ်သားနေအိမ်များကို ယခုလ ၅ ရက် နောက်ဆုံး ထားပြီး ပြောင်းရွှေ့ပေးရန် စစ်ကောင်စီတပ်က အမိန့်ထုတ်ထားပြီး ရဲစခန်းအနီးရပ်ကွက်များဖြစ်သည့် သရက်မှော်နှင့် ရွာသစ်ကုန်းရပ်ကွက်မှ ဒေသခံများ စတင်ပြောင်းရွှေ့နေကြသည်ဟု သိရသည်။
ထို့ကြောင့် မကြာခင်ရက်ပိုင်းအတွင်း ထီးချိုင့်မြို့ကို PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး စစ်ကောင်စီတပ်ကလည်း ရဲစခန်းအပေါ်ဘက်ရှိ တောင်ကုန်းတွင် နေရာယူထားသည်ဟု အဆိုပါ မြို့ခံက ပြောသည်။
“တပ်တွေက ရဲစခန်း တောင်ပေါ်မှာပဲနေရာယူထားကြတာ၊ လက်နက်တွေ၊ ဘာတွေ အကုန်လုံး တပ်ဆင်ပြီးသွားကြပြီ” ဟု ၎င်းက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြမှုများကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြို ခွင်းခဲ့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းရာတွင် စစ်ကိုင်းတိုင်းရှိ ထီးချိုင့်မြို့နယ်ကလည်း ရှေ့တန်းမှ ပါဝင်ခဲ့သည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်း ကူးလူးဖြတ်သန်းကာ လက်နက်၊ ရိက္ခာ၊ ခဲယမ်းများသယ်ယူနေသည့် စစ်ကောင်စီတပ်မှာ ဒေသခံတို့၏ အပြင်းအထန်တိုက်ခိုက်မှုကို ခံနေရသည်။
ကလေးသူငယ်များကအစ အပြစ်မဲ့သူများပင် သတ်ဖြတ်ခံနေရပြီး ရွာလုံးကျွတ်မီးရှို့ခံရမှုများရှိသော်လည်း စစ်ကိုင်းတိုင်းတော်လှန်ရေးက ဆက်လက်အားကောင်းနေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)