အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကသာမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၂ ဦးသေဆုံးဟု PDF ပြော

စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကသာမြို့တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကသာ-PDF အဖွဲ့က ယနေ့ (မေ ၂) တွင် ပြောသည်။

ယမန်နေ့  ညပိုင်းမှစ၍ ကသာမြို့၊ စေတီကုန်းတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်း မြို့မြောက်ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာစဉ် ဗိုလ်သာလိကာ ဦးဆောင်သည့် ကသာ-PDF အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နံနက် ၄ နာရီခန့်တွင် ကသာမြို့မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ကပ္ပလိပ်ရွာအနီး ရောက်ရှိလာသည့် တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၉ ဦး သေဆုံးခဲ့သည်ဟု ရှေ့တန်းရောက် ကသာ-PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိနစ် ၃၀ ခန့်ကြာအောင် တိုက်ခိုက်ကြပြီးနောက် ကသာ-PDF က နောက်ပြန်ဆုတ်ခဲ့ပြီး၊ အထိနာသွားသည့် စစ်ကောင်စီတပ်က အနောက်မှ လိုက်လံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မွန်းလွဲ ၂ နာရီခန့်၌ နောက်မှလိုက်လာသည့် စစ်ကောင်စီတပ်နှင့် ကပ္ပလိပ်ရွာမြောက်ဘက်ခြမ်း မိုင်အနည်းခန့်အကွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နောက်ထပ် ၃ ဦး သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

“အခုအချိန်ကတော့ (စစ်ကောင်စီတပ်) ပြန်ဆုတ်နေပြီ ပြောတယ်၊ နလယ်အင်းရောက်ပြီလို့ သိရတယ်” ဟု PDF တပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ကျဆုံးစစ်သားအလောင်းများကို ပြန်လည်သယ်ယူလာပြီး မွန်းလွဲ ၄ နာရီခန့်တွင် ကသာမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၃၀၉) အတွင်းသို့ ဆုတ်ခွာသွားသည်ဟု သတင်းရကြောင်း ၎င်းက ဆိုသည်။

မိုးမလင်းခင်ကပင် တိုက်ပွဲဖြစ်ပွားသည့် အသံများကို  မြို့ပေါ်မှပင် ကြားနေရပြီး မြို့ခံများက ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေသည်ဟု PDF တပ်ဖွဲ့များနှင့် နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည်။

“တော်တော်နီးတယ်၊ လက်နက်ကြီးအသံက ကိုယ့်အိမ်အနားကိုတောင် ကျသလား အောင့်မေ့ရတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားသည့် တပ်များမှာ ကသာမြို့သို့ ထပ်မံရောက်ရှိလာသည့်တပ်များဖြစ်နိုင်သည်ဟု မြို့ခံများက ခန့်မှန်းသည်။

ကသာမြို့တွင် ခမရ(၃၀၉) အပြင် တပ်မ(၈၈) လက်အောက်ခံတပ်များနှင့် တပ်မ (၉၉) လက်အောက်ခံတပ်များ လှုပ်ရှားနေကြသည်ဟု မြို့ခံများနှင့် PDF အဖွဲ့ထံမှ သိရသည်။

ဒေသတွင်းတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်လေ့မရှိပေ။

ကသာမြို့နယ်မှာ စစ်ကိုင်းတိုင်းမြောက်ဘက်စွန်း ဧရာဝတီမြစ်အနောက်ဘက်တွင်ရှိပြီး မြောက်ဘက်တွင် ကချင်ပြည်နယ်နှင့် အရှေ့ဘက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်မျဉ်းနှင့် ထိစပ်နေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်မှုများ တဖြည်းဖြည်းအားကောင်းလာရာတွင် ရှေ့တန်းမှ ဦးဆောင်သည့်အထဲတွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များ ပါဝင်နေသည်။

စစ်ကောင်စီတပ် ကချင်ပြည်နယ်အတွင်း လက်နက်၊ ခဲယမ်း၊ စစ်သည်များပို့ဆောင်ရာတွင် ကုန်းလမ်းရော ရေလမ်းပါ အသုံးပြုနေပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်အနီးရှိ ဒေသခံ PDF များကလည်း အဆက်မပြတ် တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles