
ယနေ့ (မေ ၁) နံနက်ပိုင်း ရန်ကုန်မှ တက္ကသိုလ်ကျောင်းသားတစ်ဦး၏ နေအိမ်သို့ သွားရောက်ရှာဖွေသည့် စစ်ကောင်စီတပ်သားတို့က ၁၀ နှစ်ဝန်းကျင် ယောက်ျားလေးအပါအဝင် ထိုအိမ်တွင် ရှိနေသူ ၇ ဦးလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်။
ဒေါပုံမြို့နယ် အောင်သုခလမ်းရှိနေအိမ်သို့ စစ်ကောင်စီတပ် ရောက်ရှိသွားစဉ် အိမ်တွင် အသက် ၂၀ အရွယ် ဒုတိယနှစ်ကျောင်းသား ကိုဉာဏ်ဝင်းထက် ရှိမနေကြောင်း၊ အဖမ်းခံလိုက်ရသူများထဲတွင် ဖခင် ဦးမောင်ဝင်း၊ မိခင် ဒေါ်ကျင်ဥနှင့် သူ၏မောင်နှမများ ပါသည်ဟု သိရကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
“သေနတ်တစ်ချက်ဖောက်ပြီး ဖမ်းသွားတယ်လို့တော့ ကြားတယ်။ သူကတော့ အိမ်မှာတော့ မနေဖြစ်ဘူးဗျ။ သင်္ကြန်တွင်းတုန်းကတော့ ဘုန်းကြီးဝတ်တယ်။ သူ့ကို ဘုန်းကြီးကျောင်းမှာ လာရှာတာရှိတယ်။ ရွှေတိဂုံဘုရားနားက ဘုန်းကြီးကျောင်းမှာ” ဟု ၎င်းက ဆိုသည်။
ဓားစာခံများကို ဒေါပုံမြို့နယ်ရဲစခန်း၌ ချုပ်နှောင်ထားသည်ဟု သိရကြောင်း၊ စစ်ကောင်စီ၏ အဆိုပါ လုပ်ရပ်နှင့် ပတ်သက်ပြီး ဆက်လက်စောင့်ကြည့်နေသလို နိုင်ငံတကာသံရုံးများ၊ အဖွဲ့အစည်းများ သိရှိရန် အကြောင်းကြားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“မိသားစုတစ်စုလုံး ဖမ်းတယ်ဆိုတာက ဒါတော့ လူ့ကျင့်ဝတ်အရ မသင့်တော်တဲ့အလုပ်ပေါ့။ စစ်ကောင်စီက ပုံမှန်ကျူးလွန်နေတဲ့ လုပ်ရပ်တွေဖြစ်တယ်။ ဒါကတော့ ရှုတ်ချရမဲ့ကိစ္စတစ်ခုပါပဲ” ဟု ၎င်းက ပြောသည်။
ဧပြီ ၂၈ တွင်လည်း ဒေါပုံဘောလုံးကွင်း၌ ဘောလုံးကစားနေသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုကောင်းခန့်နိုင်၊ ကျောင်းသားများဖြစ်သည့် ကိုဟိန်းထက်ဇော်၊ ကိုသီဟအောင်နှင့် ကျောင်းသားမဟုတ်သည့် အခြားအရပ်သားတစ်ဦးကို စစ်သားများက ဖမ်းဆီးခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်သားတို့က ဘောလုံးကွင်း၌ ရှိနေသည့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်း၊ သာကေတနှင့် ဒေါပုံရဲစခန်းတို့တွင်လည်း ထိုလူငယ်များနှင့် ပတ်သက်ပြီး စုံစမ်း၍ မရခဲ့ကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများမှာ နေရာအနှံ့အပြားတွင် နေ့စဉ် ရှိနေသည်။
ဧပြီ ၂၆ ရက်နေ့က ကရင်ပြည်နယ်မြို့တော် ဖားအံတွင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနုနုအောင်နှင့် မခက်တို့ ဖမ်းဆီးခံရကြောင်း၊ နောက်တစ်နေ့တွင် မနုနုအောင်၏ အသက် ၈၀ အရွယ် မိခင်ဖြစ်သူနှင့် သမီးတို့ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ ၃၂၄ ဦးထက်မနည်းရှိပြီး ထိုအထဲမှ ၂၇၀ သည် အကျဉ်းထောင်များနှင့် အခြားလျှို့ဝှက်ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း မတ်လ ၂၃ ၌ ထုတ်ပြန်သည့် AAPP အစီရင်ခံစာက ဆိုသည်။
စစ်ကောင်စီတပ်က တစ်နိုင်ငံလုံးမှ ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ ထောင်ချနေပြီး မိသားစုဝင်များကို ကလေးပါမချန် စစ်ကောင်စီတပ်က ဖမ်းဆီးနေရာ ပြည်သူ ၁,၈၀၃ ဦး သေဆုံးခဲ့ပြီး ၁၃,၄၉၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း AAPP က ဧပြီ ၂၉ ထုတ်ပြန်ချက်အရ သိရသည်။
အမှန်တကယ် ဖမ်းဆီး၊ သတ်ဖြတ်ခံရသူအရေအတွက်မှာ ထိုထက် ပိုများနိုင်သည်ဟု AAPP က ပြောသည်။
စစ်ကောင်စီကမူ သေဆုံးမှုအရေအတွက် ထိုမျှမရှိဟု ယမန်နှစ်က တုံ့ပြန်ခဲ့ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)