သတင်း

ဆားလင်းကြီးနှင့်ရေစကြိုရှိ ရဲစခန်းနှစ်ခုကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းထဲမှ စစ်ကောင်စီ၏ ရဲစခန်းနှစ်ခုကို ယမန် နေ့ (ဧပြီ ၂၈) တစ်နေ့တည်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မွန်းတည့် ၁၂ နာရီခန့်က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျားတက်မြို့ရဲစခန်းကို PDF ၃ ဖွဲ့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သလို နံနက် ၁၁ နာ ရီခန့်တွင်လည်း ရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းကိုလည်း အခြားဒေသခံ PDF ၉ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃ ဦးခန့် သေဆုံးနိုင်သည်ဟု အဆိုပါ အဖွဲ့များက ထုတ်ပြန်သည်။

ကျားတက်မြို့ရဲစခန်းကို မွန်းတည့် ၁၂ နာရီ မှ ညနေ ၄ နာရီခွဲအထိ စီးနင်းတိုက်ခိုက်ခဲ့သော်လည်း စစ်ကူရောက်လာဖြင့် စခန်းကိုသိမ်းနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း ရေစကြိုမြို့နယ် PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောသည်။

“တန်းကျောင်းထဲမှာလည်း တပ်စွဲထားတော့ တန်းကျောင်းကို တက်သိမ်း။ တန်းကျောင်းကို သိမ်းပြီး စခန်းကိုထပ်သိမ်း။ စခန်းအထဲကို ရောက်ပြီပေါ့ဗျာ။ မီးတွေဘာတွေရှို့နေတဲ့အချိန်မှာ ပုလဲက စစ်ကူတွေက ခြေကျင်ထိုးလာတော့ နောက်ဆုတ်လိုက်ရတယ်။ လက်နက်တိုက်တွေဘာတွေ ရှာချိန်မရလိုက်ဘူး”ဟု ၎င်းက ဆိုသည်။

ကျားတက်မြို့မြောက်ဘက်ရှိ ရဲစခန်းနှင့် ယင်းစခန်းအနီးရှိ အခြေခံပညာအထက်တန်းကျောင်းတို့တွင် စစ်ကောင်စီ၏ ရဲနှင့် စစ်သားအင်အား ၆၀ ခန့်က တပ်စွဲထားခြင်း ဖြစ်သည်။

စခန်းအတွင်း လက်နက်တိုက်နှင့် တွဲလျက်ရှိနေသော ပင်မအဆောင်နှင့် အချုပ်ခန်းတို့ကို စီးနင်းနိုင်ခဲ့ခြင်း မရှိကြောင်း၊ PDF အဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရသော်လည်း မစိုးရိမ်ရကြောင်း ရဲဘော်ဝေကြီးက ပြောသည်။

ကျားတက်မြို့ရဲစခန်း စီးနင်းမှုအတွင်း စခန်းအတွင်းရှိအဆောင်များကို မီးရှို့နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးသည်ဟု ဆားလင်းကြီး၊ ရေစကြို၊ မြိုင် PDF တို့က ထုတ်ပြန်ထား သည်။

စီးနင်းခံရသည့် ကျားတက်မြို့ရဲစခန်း မီးလောင်နေသည်ကို ယမန်နေ့ မွန်းလွဲက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

အလားတူ ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်ကလည်း ကျားတက်မြို့ အရှေ့တောင်ဘက် ၃၄ မိုင်ခန့်အကွာ ရေစကြို မြို့နယ် ပခန်းငယ်ရွာရှိ ရဲစခန်းကိုလည်း ရေစကြိုအခြေစိုက် Phoenix – အထူးပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ် ၈ ဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက်စီးနင်းခဲ့ကြသေးသည်။

ရေစကြိုမြို့ တောင်ဘက် ၇ မိုင်ကျော်အကွာ ရဲ၊ စစ်သားနှင့် ပျူစောထီးအင်အား ၄၀ ခန့်ရှိ ပုခန်းငယ်ရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းရန် ရည်ရွယ်သော်လည်း စစ်ကူရောက်လာသဖြင့် နောက်ဆုတ်ခဲ့ရသည်ဟု Phoenix-အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့ရဲ့ခုခံမှုက ထင်မထားဘဲနဲ့ ခပ်ကြာကြာလေး ခုခံနိုင်တဲ့အနေအထားဖြစ်သွားတယ်။ လဲနေတာတွေ မြင်နေရပြီ။ မြင်နေရရဲ့သားနဲ့ တပ်ကူတွေက တက်လာပြီဆိုတဲ့သတင်းရတော့ စခန်းသိမ်းဖို့အစီအစဉ်ကို ဖျက်လိုက်ပြီးတော့ တပ်ပြန်ခေါက်ခဲ့ရတယ်”ဟု ၎င်းက ပြောသည်။​

စစ်ကောင်စီတပ်က ပခန်းငယ်ရဲစခန်းအတွင်း စနိုက်ပါစင်များအပါဝင် ဘန်ကာနှင့် ဆက်သွယ်ရေး တူးမြောင်းများ အခိုင်အမာဆောက်လုပ်ထားသလို စခန်းအခြေတွင် မြေမြုပ်နင်းမိုင်းများ တပ်ဆင်ထားသည်ဟု ဆိုသည်။

PDF များဘက်မှ RPG ၂ လုံး၊ ၄၀ မမ အမျိုးအစား လက်နက်ကြီး ၇ လုံး ကနဦးပစ်ခတ်၍ ချည်းကပ်တိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။​

၎င်းတို့ ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်အရ မောင်းပြန်သေနတ်များနှင့် ပစ်ခတ်နေသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များကို တွေ့ရှိရသည်။

စခန်းအတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပခန်းငယ်ရွာအတွင်း ဖုန်းများလိုက်လံသိမ်းယူခဲ့သလို မီးရှို့ဖျက်ဆီးနေမှုများလည်းရှိကြောင်း၊ အသေးစိတ်အခြေအနေကိုမူ သိရသေးကြောင်း Phoenix- အထူးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။​

စစ်ကောင်စီကမူ ၎င်းတို့၏ စစ်သားများက ပြည်သူတို့၏ နေအိမ်ကို မီးရှို့ခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button