သတင်း

နေပြည်တော်နှင့် ပဲခူး ပစ်ခတ်မှုတွင် ၅ ဦးသေပြီး ဒုဗိုလ်မှူးကြီး ဒဏ်ရာရဟု PDF ပြော

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် ပဲခူးတိုင်းအတွင်း နှစ်ရက်တာတိုက်ခိုက်မှုတွင် စစ်သား၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ၅ ဦးသေ၍ ဒုဗိုလ်မှူးကြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်ဟု ဒေသခံ PDF အဖွဲ့များက အတည်ပြုသည်။

ယမန်နေ့ (ဧပြီ ၂၇) တွင် နေပြည်တော်၌ ဒုဗိုလ်မှူးကြီးအပါအဝင် ၇ ဦးအဖွဲ့၊ ယနေ့ (ဧပြီ ၂၈) တွင် ပဲခူးတိုင်း ကဝမြို့နယ်ရဲမှူးတို့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

နေပြည်တော် လယ်ဝေးမြို့နယ် အောင်မင်္ဂလာရွာ ရွှေနန်းတော်ဘီယာဆိုင်သို့ စစ်ကောင်စီပစ်မှတ် ရောက်ရှိလာမည်ကို ကြိုတင်သတင်းထောက်လှမ်းနိုင်သဖြင့် ထိုနေ့ည ၈ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ဦးစီးပထမတန်း (G1) ဒုဗိုလ်မှူးကြီး ဒဏ်ရာပြင်းထန်စွာရသွားသည်ဟု နေပြည်တော်စစ်ဒေသခွဲ စစ်ဦးစီး ဗိုလ်ငွေစိုးက ပြောသည်။

Nay Pyi Taw PDF တပ်ရင်း ၈၀၁ နှင့် ၈၀၂ ပူးပေါင်းအဖွဲ့ဝင် ၄ ဦးက M 16 သေနတ် ၂ လက်သုံး၍ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲ၊ စစ်သား ၂ ဦးတို့ သေဆုံးခဲ့ကာ G1 နှင့် အခြား ၃ ဦး ဒဏ်ရာအခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီဘီယာဆိုင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ G1 အဆင့်ရှိတဲ့ သူ့ရဲ့လုံခြုံရေးအပါ သူတို့က အရပ်ဝတ်နဲ့ပါပဲ။ ထိုင်ပြီး ဧည့်ခံဖို့ လုပ်နေတယ်ဆိုတဲ့သတင်းအရ ကျွန်တော်တို့က ဝင်ရောက်ပစ်ခတ်တာပေါ့။ မကြာလိုက်ပါဘူး အချက် ၂၀ ကျော်လောက်တော့ ပစ်လိုက်နိုင်တာပေါ့” ဟု သူက ဆိုသည်။

ဒဏ်ရာအပြင်းအထန်ရသွားသည့် အရာရှိမှာ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှဖြစ်သည်ဟု သိရကြောင်း ဗိုလ်ငွေစိုးက ဆက်ပြောသည်။

“ကျွန်တော်တို့ဝင်ပစ်တဲ့နေရာရဲ့ အနောက်ဘက်လမ်းမှာ စုပေါင်းစစ်ဆေးရေးဂိတ်ရှိတယ်။ ရဲရော စစ်ရော စုပေါင်းစစ်ဆေးရေးဂိတ်ရှိတယ်။ အထက်ကို ဆက်သွားမယ်ဆိုရင် စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေ တည်ရှိရာ နေရာတွေရှိတယ်။ လမ်းကြောင်းတစ်လျှောက်လုံးမှာ” ဟု သူက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ နေပြည်တော်စစ်ဒေသခွဲမှ PDF များ ထိခိုက်မှုမရှိဟု သူက ဆိုသည်။

“နေပြည်တော်ကတော့ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးတင်းကျပ်မှုက အမြဲတမ်းရှိပါတယ်။ အဲဒီကြားကမှ ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်ရတာဖြစ်တဲ့အတွက် သေချာ ဂရုစိုက်ပါတယ်” ဟု ဗိုလ်ငွေစိုးက ပြောသည်။

ပဲခူးတိုင်း ပစ်ခတ်မှု

ပဲခူးတိုင်း ကဝမြို့နယ်တွင်လည်း ယနေ့ (ဧပြီ ၂၈) နံနက် ၅ နာရီတွင် PDF တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့သည်။

မြို့နယ်ရဲမှူး ဝင်းနိုင်ကို အမှတ် ၃ ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးအနီး မင်းကြိုက်လက်ဖက်ရည်ဆိုင်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးသည်ဟု ပဲခူးခရိုင် PDF တာဝန်ခံက ပြောသည်။

“သူက ဆိုင်ကယ်နဲ့ သွားတာဗျ။ ဆိုင်ကယ်နဲ့သွားတာကို ကျွန်တော်တို့က နောက်ကနေလိုက်ပြီး ပစ်တာ။ အနီးကပ်ပဲ” ဟု ၎င်းက ပြောသည်။

အသက် ၄၀ ကျော်အရွယ် ထိုရဲမှူး၏ ဦးခေါင်းကို ၅ ချက်ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်အပြီး ကဝမြို့ပေါ်၌ စစ်ကောင်စီက လုံခြုံရေးတင်ကျပ်ကာ ပိတ်ဆို့ရှာဖွေမှုများ လုပ်နေသည်ဟု သိရကြောင်း ပဲခူးခရိုင် PDF တာဝန်ခံက ပြောသည်။

“(ရဲမှူး) သူက မြို့နယ်မှာရှိတဲ့ တော်လှန်ရေးအင်းအားစုတွေ၊ CDM တွေကို ဦးဆောင်ဖမ်းဆီးတဲ့အထဲမှာ ပါတဲ့သူဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပဲခူးခရိုင် PDF က အာဏာသိမ်းစစ်ကောင်စီဒေါက်တိုင်များကို အရှိန်မြှင့်တိုက်ခိုက်မည်ဟု ကြေညာထားသည့်အတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုကို ကဝမြို့နယ် PDF နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး PDF များ ဘေးကင်းကြောင်း ထိုသူက ဆက်ပြောသည်။

အထက်ပါ ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသလို သီးခြားအတည်ပြုချက် မရသေးပါ။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်သည့် နေပြည်တော်နှင့် ပဲခူးတိုင်းအတွင်း ဒေသအချို့လည်း ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button