
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်အပြီး တင်ထားသည့် အယူခံများ စစ်ဆေးခြင်းပင်မရှိဘဲ အဆင့်ဆင့်ပယ်ချခံနေရသည်ဟု တရားရုံးနှင့် နီးစပ်သူ နှစ်ဦးထံမှ သိရသည်။
အာဏာသိမ်းကတည်းက စစ်ကောင်စီက နေပြည်တော်လျှို့ဝှက်နေရာတစ်ခုတွင် ဖမ်းထားသည့် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၂၇ ရက်အထိ အမှု ၁၇ မှုစွဲဆိုထားပြီး ယင်းတို့အနက် ၆ မှုအတွက် ထောင် ၁၁ နှစ်ချပြီးဖြစ်သည်။
နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်တရားရုံးဖွင့်ကာ အမှုများကို စစ်ဆေးနေပြီး ယမန်နှစ် ဒီဇင်ဘာ ၆ ရက်က ဆူပူအောင်လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်၏ တရားခွင်က အမိန့်ချခဲ့ပြီး စစ်ကောင်စီက ထောင်ဒဏ်ကို ညတွင်းချင်း ထက်ဝက်လျှော့လိုက်သည်။
ထိုတရားသူကြီး ကိုင်တွယ်သည့် တရားခွင်ကပင် ဇန်နဝါရီ ၁၀ တွင် အတိုင်ပင်ခံနေအိမ်၌ ဆက်သွယ်ရေးစက်တွေ့မှုဖြင့် ဆက်သွယ်ရေးနှင့် ပို့ကုန်သွင်းကုန် ပုဒ်မ ၂ ခု၊ အရပ်သားတစ်ဦးကို စစ်ကောင်စီက တရားစွဲခိုင်းသည့် ကိုဗစ်စည်းကမ်း ဖောက်ဖျက်မှု ပုဒ်မ ၁ ခုဖြင့် တစ်ပေါင်းတည်း ထောင် ၄ နှစ် ထပ်ချထားသည်။
ထိုအမှုများကို ဇဗ္ဗူသီရိမြို့နယ်တရားရုံး၏ အထက်အဆင့်ဖြစ်သည့် ဒက္ခိဏခရိုင်သို့ အယူခံတက်ရာ စစ်ဆေးကြားနာခြင်းပင် မရှိဘဲ အကျဉ်းနည်းဖြင့် ပလပ်ခံရ၍ မန္တလေးတိုင်းတရားလွှတ်တော်သို့ ထပ်မံတင်သွင်းထားသည်ဟု တရားခွင်နှင့် နီးစပ်သူနှစ်ဦးက အတည်ပြုသည်။ အသေးစိတ်ကိုမူ မသိရပေ။
ယနေ့ (ဧပြီ ၂၇) တွင် NLD ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း စွပ်စွဲသည့် ရွှေနှင့် ငွေများ ရယူသည်ဆိုသော ကိစ္စဖြင့် မန္တလေးတိုင်းတရားသူကြီး ဦးမြင့်စန်း၏ တရားခွင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၅ နှစ် ထပ်ချခဲ့ရာ ယင်းကိုလည်း အယူခံဆက်တက်မည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။
ဦးဖြိုးမင်းသိန်း လိမ်လည်ထွက်ဆိုခြင်းသာ ဖြစ်သည်ဟု မှတ်ချက်ပြုထားသည့် ထိုအမှုကို အမိန့်ချပြီးချိန်တွင် “မကျေနပ်ဘူးလို့ကို ပြောတယ်။ အယူခံကို ဆုံးခန်းတိုင်အောင်တက်ပါတဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားကြောင်း တရားရုံးသတင်းရပ်ကွက်က အတည်ပြုထားသည်။
ဆူပူအောင်လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုများဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမိန့်ချခံရသည့် သမ္မတ ဦးဝင်းမြင့်အတွက် အယူခံဝင်ထားခြင်းရှိမရှိ ရှင်းလင်းစွာမသိရပေ။
ထိုသို့ အယူခံများ ပယ်ချခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ပြောရေးဆိုခွင့် ပိတ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်၏ ရှေ့နေအဖွဲ့ထံမှ သဘောထားမှတ်ချက်ရယူနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီ ကိုးကားနေသည့် ၂၀၀၈ အခြေခံဥပဒေအရ အရပ်ဘက်တရားရုံးများ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/တိုင်း၊ ပြည်နယ်နှင့် တိုင်းတရားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ထံ အယူခံအဆင့်ဆင့်တက်နိုင်သည်။
လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲမှာ ၂၀၁၁ ကတည်းက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဦးထွန်းထွန်းဦးဖြစ်သည်။ ၎င်းမှာ အနောက်တောင်ပိုင်းတိုင်းစစ်ဌာချုပ်နှင့် စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဗိုလ်ချုပ်ကြီးများက သမ္မတကို ဖမ်းကာ ဥပဒေကို ဆန့်ကျင်၍ အာဏာသိမ်းသည့် လုပ်ရပ်ကို ဖုံးကွယ်ရန် ကိုယ်ကျင့်တရားအရာတွင် ကမ္ဘာကပါသိသည့် နိုင်ငံ့ခေါင်းဆောင်များကို မလျော်မကန်အပြစ်ဖို့နေသည်ဟု မှတ်ချက်ပြုဖူးသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက စစ်ကောင်စီတရားရုံးများ၏ အပြုအမူမှာ အံ့ဩစရာမရှိဟု ပြောသည်။
“အာဏာသိမ်းထားတဲ့ စနစ်ကြီးတစ်ခုလုံးမှာ တရားရုံးတွေကို အကြမ်းဖက်စစ်အုပ်စုက လက်ကိုင်တုတ်အဖြစ် အသုံးချနေတာဆိုတော့ အမိန့်ချတာ၊ အယူခံပယ်ချတာတွေကို အထွေအထူး အံ့သြမနေတော့ပါဘူး။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးကိုပဲ အာရုံစိုက်မယ်” ဟု ၎င်းက ဧပြီ ၂၇ တွင် ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့်နေ့တွင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကဏ္ဍအားလုံးကို ထိန်းချုပ်လိုက်ပြီဟု စစ်ကောင်စီက ကြေညာထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)