
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတိုက်ပွဲများအတွင်း ရဲစခန်းတစ်ခုကို သိမ်းဆည်းနိုင်ခဲ့သလို စစ်သား ၃ ဦးထက်မနည်း သေဆုံးကာ၊ လက်နက်နှင့် ကျည်များ သိမ်းမိသည်ဟု PDF တို့က ပြောသည်။
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဏိုင်မြို့အနီး ထိုင်းနယ်စပ်တွင် ဧပြီ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထားဝယ်မြို့ ပကာရီရွာရဲစခန်းကို ဧပြီ ၂၄ ရက်နေ့က ဝင်စီးကာ ယနေ့ (ဧပြီ ၂၆) အထိ ၎င်းတို့ ထိန်းချုပ်ထားနိုင်ကြောင်း PDF တာဝန်ရှိသူတို့ထံမှ သိရသည်။
ဧပြီ ၂၃ ရက်နေ့က ပြည်ကြီးမဏ္ဏိုင်မြို့ အရှေ့ဘက်ရှိ ရတနာပုံကျေးရွာနှင့် ၁၀ မိုင်ကျော်အကွာ ထိုင်းနယ်စပ် တောတွင်းတစ်နေရာတွင် စစ်တပ်နှင့် ညနေ ၅ နာရီခွဲမှစ၍ ၂ နာရီကြာ တိုက်ပွဲဖြစ်သည်ဟု ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ဧပြီ ၂၆ တွင် သတင်းထုတ်သည်။
ထိုတိုက်ပွဲတွင် စစ်သား ၃ ဦး သေဆုံးကာ စိန်ပြောင်း၊ သေနတ် ၃ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိသည်ဟု ထိုအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
“သူတို့ဘက်ကနေ ခြောက်လှန့်ပစ်ခတ်တဲ့အပေါ်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီးတော့ ကျွန်တော်တို့ အောင်အောင်မြင်မြင်ပဲ ပြန်လည်ဆုတ်နိုင်ခဲ့တယ်။ ဒီနေ့တော့ သူတို့ဘက်က အင်အား ထပ်တိုးလာနေတယ်လို့ သတင်းရှိထားတယ်” ဟု KDDF ဒုတိယစစ်ကြောင်းမှူး မိုးကြိုးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ခရီးသွားကားတစ်စီးကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရှိသည်ဟု ကြားသိရသော်လည်း ထိခိုက်သူအရေအတွက်နှင့် အသေးစိတ်ကို အတည်မပြုနိုင်ဟု ၎င်းက ပြောသည်။
ဧပြီ ၂၆ ရက်တွင် ထိုဒေသအတွင်း၌ စစ်ကောင်စီက အင်အား ၃၀၀ ခန့်နှင့် စစ်ရေးလှုပ်ရှားနေသဖြင့် တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်သည်ဟု KDDF ဒုတိယစစ်ကြောင်းမှူးက ပြောသည်။
ထို့အတူ ဧပြီ ၂၄ ရက်တွင် PDF က သိမ်းပိုက်ခဲ့သည့် ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ပကာရီရွာနယ်မြေရဲစခန်းကို ပြန်ရရန် စစ်ကောင်စီက စစ်သည်အင်အားတိုးချဲ့ချထားပြီး ကြိုးပမ်းနေသည်ဟု တနင်္သာရီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ကာက ပြောသည်။
“သူတို့က ရွာထဲ ဝင်မလာဘဲနဲ့ ရွာနဲ့ ၃ မိုင်လောက် ပတ်လည်မှာ ကားတွေရပ်ပြီး လက်နက်ကြီးတွေထုနေတာ။ ကျွန်တော်တို့က ပကာရီရွာမှာ အခုချိန်ထိ အခြေကုပ်ယူထားတယ်။ အဲဒီနေရာကို ပြန်လိုချင်လို့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာ” ဟု ၎င်းက ပြောသည်။
ဧပြီ ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ထားဝယ်မြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ အိမ်ခြေ ၁၀၀၀ ခန့်ရှိ ပကာရီရွာရဲစခန်းကို ကိုဂျော်ကာတို့အဖွဲ့နှင့် ဒေသခံ PDF က ဝင်ရောက်စီးနင်း မီးရှို့ခဲ့ကြသည်။
ထိုသို့ ဖြစ်ပွားပြီးချိန်တွင် ပကာရီရွာတောင်ဘက် ၄ မိုင်ကျော်အကွာ သဗျာရွာအနီးသို့ စစ်ကောင်စီတပ် စစ်ကူပို့၍ လက်နက်ကြီးဖြင့် ပစ်ရန်ပြင်စဉ် ၎င်းတို့က လက်ဦးမှုယူ တိုက်ခိုက်နိုင်ခဲ့၍ စစ်တပ်ဘက်မှ ထိခိုက်မှုများကြောင်း ကိုဂျော်ကာက ပြောသည်။
စစ်တပ်က ရမ်းသန်းပစ်ခတ်နေဆဲဖြစ်၍ PDF ထိန်းချုပ်ထားသည့် ပကာရီရွာနှင့် အနီးရှိ ရှစ်မိုင်ရွာ၊ မဲချောင်းရွာတို့မှ ပြည်သူ ၅၀၀၀ ကျော် တိမ်းရှောင်နေကြရသည်ဟု ၎င်းထံမှ သိရသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပါ။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ ထိုအထဲတွင် တနင်္သာရီတိုင်းအတွင်းမှ ဒေသအချို့လည်း ပါဝင်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)