အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦးနှင့် ဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာ ၂ ရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်အတွင်းမှ ကျေးရွာနှစ်ရွာကို စစ်တပ်က နှစ်ရက်ဆက် ဝင်ရောက်စီးနင်းပြီး နေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ နံနက် ၅ နာရီခန့်တွင် စစ်သားနှင့် အရပ်ဝတ်လက်နက်ကိုင်စုစုပေါင်း လူ ၇၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို စတင်စီးနင်းပြီး မီးရှို့ခဲ့ကြောင်း ‌‌ဒေသခံတစ်ဦးက ပြောသည်။ 

အိမ်ခြေ ၅၀၀ ကျော်ရှိ ညောင်လှရွာတွင် နေအိမ် ၄၇ လုံး မီးလောင်ပြာကျသွားကြောင်း နေအိမ်နှင့် သိုလှောင်ထားသည့်စပါးများ ဆုံးရှုံးခဲ့ရသည့် အသက် ၄၀ အရွယ် ညောင်လှရွာသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“ကျွန်တော်တို့ (အိမ်) က မိသားစုသုံးစုလောက် ပေါင်းနေတာ။ ခါးဝတ်ခါးစားပဲ ကျန်တာ၊ ဘာမှမကျန်ဘူး။ စစ်သားတွေနဲ့ ပျူစောထီးတွေ ရှို့သွားတာ။ ပြာပဲကျန်တာ၊ တိုင်တောင်မကျန်တော့ဘူး။ မီးမရှို့ခံရတဲ့ အိမ်တွေလည်း တီဗီ ဘာညာ အကုန်ရိုက်ခွဲ၊ မီးမရှို့ရုံပဲ” ဟု သူက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်သားများ မီးရှို့ခဲ့၍ တစ်နေကုန် မီးများ‌လောင်ကျွမ်းနေသည်ကို ပုန်းခိုရာနေရာမှ ဒေသခံရွာသားများ ကြည့်နေခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော့်အမေဆို ၇၀ နီးပါရှိပြီဗျာ ။ ဒီလိုမျိုး တစ်ခါမှ အတွေ့အကြုံမရှိဘူး။ သူတို့ကို ကြောက်လို့မို့ ပြေးတာဗျာ။ ပြန်လာတော့ ကျွန်တော်အိမ်ကြီးက မရှိတော့ဘူးဆိုတော့ အဆင်မပြေဘူးပေါ့ဗျာ။ ကျွန်တော့်အဖေအမေကအစ မကြုံခဲ့ရဖူးတော့ မခံစားနိုင်ကြဘူးပေါ့ဗျာ” ဟု အထက်ပါဒေသခံက ဆိုသည်။

ထို့နောက် နောက်တစ်နေ့ (ဧပြီ ၂၁) နံနက်တွင် ‌ညောင်လှရွာမှ တစ်မိုင်အကွာရှိ ရေဦးမြို့နယ် ဆည်ကြီးရွာကို ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။

ရွာမီးရှို့သည့် စစ်တပ်ကို မဖြစ်မနေတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြောင်း “နတ်ဆိုး ပြောက်ကျား” ဟု အမည်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ကိုဂျိမ်းက ပြောသည်။

“ညောင်လှကို တိုက်ပွဲမဖြစ်ဘဲနဲ့ကို ရှို့တာ၊ အဲဒါနဲ့ (ဆည်ကြီးရွာ မီးရှို့တော့) ကျွန်တော်တို့လည်း မထူးဇာတ်ခင်းပြီးတော့ ရွာကုန်ချင်ကုန်ပါစေဆိုပြီး နောက်တစ်ရွာဝင်တဲ့အချိန် မတိုက်လည်း ရှို့တာပဲဆိုပြီး ဝင်တိုက်ရတော့တာပဲ” ဟု သူက ပြောပြသည်။

ဆည်ကြီးရွာကို စစ်သားများ မီးရှို့ခဲ့ပြီး ရွာအတွင်း ရှိနေစဉ်မှာပင် မွန်းတည့် ၁၂ နာရီခန့်၌ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက မောင်းပြန်ရိုင်ဖယ်များ၊ လက်လုပ်သေနတ်များဖြင့် ကျေးရွာကို ဝိုင်းကာ စစ်ကောင်စီတပ်ကို ပစ်ခတ်ခဲ့ကြသည်။ 

၃ နာရီကြာ ပစ်ခတ်မှုများအပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထိုဒေသခံအဖွဲ့က ဆိုသည်။ 

တိုက်ပွဲတွင်း စစ်ကောင်စီဘက်မှ ဒဏ်ရာရ၊ သေဆုံးစာရင်း မသိရှိရ‌သော်လည်း ကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာမရကြောင်း အထက်ပါ ဒေသခံက ပြောသည်။

ညနေပိုင်း ထိုဆည်ကြီးရွာမှ စစ်သားများ ပြန်လည်ထွက်ခွာသွားချိန်တွင် အိမ်‌ခြေ ၁၀၀ ကျော်ရှိသည့်အနက် နေအိမ် ၇ လုံး  မီးလောင်ပြာကျနေသည်ကို တွေ့ရကြောင်း ထိုရွာဒေသခံများက ပြောသည်။

ဆည်ကြီးရွာမှ ထွက်ခွာလာသည့် စစ်သားများသည် ယနေ့ (ဧပြီ ၂၂) နံနက်တွင် ရေဦးမြို့ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရပြီး လမ်းတစ်လျှောက်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေရသည်။

စစ်ကောင်စီသည် လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းမှ ဒေသအများစုကို အင်တာနက်ဖြတ်တောက်ထားပြီး ရွာလုံးကျွတ်မီးရှို့မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ထိုပြောဆိုချက်များကို ငြင်းဆိုထားသည်။

နိုင်ငံအနှံ့ ခုခံတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပြီး အထိနာနေသော၊ ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေသော စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ဆွေးနွေးရန် ယနေ့ ဖိတ်ခေါ်ထားသည်။ 

ထိုသို့မဖိတ်ခေါ်မီ ရက်ပိုင်းအလိုတွင် ထိုခေါင်းဆောင်များထဲမှ တချို့ကို ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ကြောင်း ကြေညာခဲ့ရာ လက်မခံကြောင်း ငြင်းဆိုသူ မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles