သတင်း

လေးကေ့ကော် ညတိုက်ပွဲတွင် စစ်ကောင်စီ အသေအပျောက်ရှိဟု Cobra ပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီး အင်အားတိုးချဲ့နေသည့် စစ်တပ်နှင့် ယမန်နေ့ (ဧပြီ ၂၁) ညက ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေ၊ ၃ ဦး ဒဏ်ရာရသည်ဟု Cobra စစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ထိုနေ့ ညနေ ၆ နာရီခွဲခန့်မှစ၍ တပ်မ (၄၄) လက်အောက်ခံ အမှတ် ၁ ခြေမြန်တပ်ရင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ၎င်းတို့စစ်ကြောင်းတို့ ဖလူးရွာအနီးတွင် ပစ်ခတ်ခဲ့ကြောင်း Cobra ဘက်က အတည်ပြုသည်။

“ဖလူးအစပ်၊ ရသေ့ဂူနားမှာ ဖြစ်တာပါ” ဟု Cobra စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လေးကေ့ကော်မြို့အနီး စွယ်တော်ကုန်း (အမြောက်ကုန်း) တွင် တပ်စွဲထားသည့် စစ်ကောင်စီက ထိုနေ့ ည ၇ နာရီမှစ၍ ၁၁ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ရာနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ၎င်းတို့ စစ်ကြောင်းမှ ၂ ဦး ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု Cobra ဘက်က ဆိုသည်။

စစ်တပ်အာဏာသိမ်းမှု လက်မခံသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNLA ထိန်းချုပ်ရာ လေးကေ့ကော်တွင် စစ်ကောင်စီက လက်နက်ကြီးသာမက လေယာဉ်ဖြင့်ပင် ဗုံးကြဲတိုက်ခိုက်နေသည်။

လွန်ခဲ့သော သုံးလခန့်မှစ၍ စစ်ကောင်စီက သံချပ်ကာယာဉ်များအပါအဝင် စစ်အင်အားတိုးချဲ့ပြီးနောက် ပစ်ခတ်မှုများ မကြာခဏဖြစ်နေရာ အချိန်မရွေး စစ်ရှိန်အမြင့်ဆုံးရောက်လာနိုင်၍ မျှော်မှန်းပြင်ဆင်ထားသည်ဟု Cobra စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ရန်သူ့ဘက်က အင်အားတိုးနေတာ ကျွန်တော်တို့ တွေ့နေရတဲ့အတွက် နောက်ရက်တွေမှာ တိုက်ပွဲပြင်းထန်နိုင်ပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီးတစ်ဝိုက်တွင် ဧပြီ ၂၁ ရက် ညပိုင်း တိုက်ပွဲဖြစ်ခဲ့သည့် ဒေသအခြေပြမြေပုံ။

KNU/KNLA တပ်မဟာ (၆) နယ်မြေအတွင်း အကျုံးဝင်သည့် လေးကေ့ကော်ရှိ စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ထွက်ခွာရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို KNU က မတ် ၇ ရက်နေ့တွင် စာပို့ခဲ့ပြီးနောက်ပိုင်း ထိုဒေသအတွင်း တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လူသူလက်နက်အင်အား ဆုံးရှုံးမှုများပြားကာ ဘက်ပြောင်းခိုလှုံသူများရှိလာရာ ထိုအထဲတွင် ဒုတိယဗိုလ်မှူးကြီး ၃ ဦး ပါဝင်သည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော စစ်ကောင်စီဆန့်ကျင်သူများကို ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်တွင် စစ်တပ်က အင်အားသုံး၍ ဝင်ရောက်ဖမ်းဆီးပြီးနောက်တွင် KNU နှင့် စစ်ကောင်စီအကြား စစ်ရေးအခြေအနေ တင်းမာနေခြင်းဖြစ်သည်။

ထိုင်းနယ်စပ်ရှိ ထိုမြို့သစ်ကို တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ထိုးထားသည့် KNU က စစ်တပ်၏ သဘောတူညီချက်ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ထိုဒေသ၌ စစ်ရေးတင်းမာနေသဖြင့် ဒေသခံတို့ တိမ်းရှောင်နေနှင့်ပြီးဖြစ်ရာ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အရပ်သားထိုခိုက်မှုမရှိဟု Cobra စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

အထက်ပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။ အသေးစိတ်အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button