
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စည်ပင်ရပ်ကွက်တွင် ဧပြီ ၁၈ ည ၁၀ နာရီခန့်က ကင်းလှည့်နေသော စစ်ကောင်စီတပ် မော်တော်ယာဉ်ကို တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ အပြင်းအထန်ရသွားသည်ဟု ဒေသခံ ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က ပြောသည်။
သေဆုံးသွားသူများထဲတွင် မြို့နယ်မှူးအဆင့် ၁ ဦး၊ ဒုရဲအုပ် ၁ ဦး ပါဝင်သည်၊ နောက်ဆက်တွဲသတင်းကို ဆက်လက်စုံစမ်းနေသည်ဟု YDF ဌာနချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုညီက ပြောသည်။
“နောက်ထပ်ကျဆုံးသွားတဲ့သူတွေ ရှိမရှိဆိုတာ ပြန်မေးနေတုန်းပါ၊ မီးသင်္ဂြိုဟ်တဲ့ဟာတွေတော့ ဘေးနားမှာ လုံခြုံရေးတွေနဲ့ဆိုတော့ ဓာတ်ပုံယူလို့ မရလိုက်ဘူး” ဟု ၎င်းက ပြောသည်။
ယနေ့ ဧပြီ ၂၀ ရက်နေ့တွင် ဂန့်ဂေါနယ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့် စစ်ကြောင်းထိုးလာသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီက ထိုဒေသတိုက်ခိုက်မှုများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။
စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းမှ မြို့နယ်အချို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို ရရာလက်နက်ဖြင့် တက်ကြွစွာတော်လှန်နေကြသည်။
စစ်ကောင်စီကလည်း ယင်းဒေသများကို လက်နက်ကြီးများသာမက လေကြောင်းပါသုံး၍ ပစ်ခတ်တိုက်ခိုက်နေရာ စစ်တပ်ဝင်သည့် အခြားဒေသများကဲ့သို့ပင် အရပ်သားများ သတ်ဖြတ်ခံရခြင်း၊ ရွာများ မီးရှို့ခံရခြင်းတို့နှင့်လည်း ဆက်တိုက်ရင်ဆိုင်နေရသည်။
စစ်ကောင်စီကမူ အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်မှုမရှိဟု ငြင်းဆိုထားသည်။
ယောဒေသတွင် ပါဝင်သည့် ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်များက အုပ်ချုပ်ရေးယန္တရားသည် မြို့ပေါ်များတွင်သာ အသက်ဝင်ပြီး နယ်ဘက်တွင် တော်လှန်ရေးတပ်များက စိုးမိုးထားနိုင်သည်ဟု YDF က ပြောသည်။
ဧပြီ ၁၄ (သင်္ကြန်အကျနေ့) ကလည်း ယောဒေသတွင် ပါဝင်သည့် ထီးလင်းမြို့နယ်မြို့စွန် မီးသတ်ရုံအနီးပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။
ထိုအရာရှိမှာ အသက် ၃၀ အရွယ် ရှိ ဗိုလ်ကြီးနေလင်းအောင်ဖြစ်ပြီး ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ၎င်း၏မိသားစုကလည်း ဧပြီ ၁၆ တွင် နာရေးအတွက် ဆွမ်းကပ်တရားနာခဲ့ကြောင်း အွန်လိုင်းတွင် ပြန့်နေသည့် ဖိတ်စာတွင် တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)