
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အရှေ့ဘက်ခြမ်း ကျင်းရွာနယ်မြေရဲစခန်းကို ဧပြီ ၁၇ တွင် ဝင်ရောက်တိုက်ခိုက်ရာ စခန်းမှူးသေဆုံးသွားပြီး ရဲ ၁၂ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ယနေ့ ဧပြီ ၁၉ တွင် သတင်းထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်းတွင် သေနတ်မျိုးစုံ ၂၃ လက် သိမ်းဆည်းရရှိခဲ့ပြီး ရဲ ၁၂ ယောက်နှင့် ရဲတပ်ဖွဲ့ဝင်မိသားစုဝင် ၁၁ ယောက်ကို လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားသည်ဟု PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်လရောင်က Myanmar Now ကို ပြောသည်။
“စခန်းထဲမှာရှိတဲ့ လက်နက်ချတဲ့သူတွေ၊ အညံ့ခံတဲ့သူတွေကိုတော့ ထိန်းသိမ်းထားလိုက်တယ်၊ မိသားစုတွေရောပဲ။ ပြီးတော့ လက်နက်နဲ့ ထွက်ပြေးတဲ့ ရဲတွေကိုရော ကျွန်တော်တို့ကအဝေးကနေ ဝိုင်းထားပြီးတော့ လက်နက်ချဖို့ ဝိုင်းပြောတော့ အညံ့ခံတယ်။ ရဲတွေရော၊ မိသားစုတွေကိုရော လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်” ဟု သူက ပြောသည်။
ရဲအင်အား ၁၃ ယောက်ရှိသည့် ကျင်းရွာရဲစခန်းကို နှစ်ဆန်းတစ်ရက် (ဧပြီ ၁၇) တွင် တိုက်ခိုက်ရန် စနစ်တကျပြင်ဆင်ခဲ့သည်ဟု ၎င်းက ပြောသည်။
စခန်းမှ ရဲငါးဦး အပြင်ထွက်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့သည်၊ PDF တို့က စခန်းကို မနက် ၁၁ နာရီတွင် တိုက်ခိုက်ခဲ့သည်ဟု ထိုသူက ဆက်ပြောသည်။
“အပြင်ထွက်တဲ့ ရဲဘယ်နှလောက်လဲဆိုတာ သေချာပြီဆိုတာနဲ့ အင်အားအလုံးအရင်းနဲ့ စခန်းကို ဝိုင်းပြီးတော့မှ သိမ်းတာ။ ရောက်ရောက်ချင်းမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးမှ ကျွန်တော်တို့ရဲဘော်တွေက လက်နက်ချဖို့ တိုက်တွန်းတယ်” ဟု သူက ပြောသည်။
“တိုက်တွန်းလို့မရတော့ ကျွန်တော်တို့ကနေပြီးတော့ အာဏာအရှိဆုံး ကျင်းရဲစခန်းမှူးအိမ်နဲ့ လက်နက်ထားတဲ့ ဘားတိုက်ကို အဓိကထားပစ်တယ်၊ အပြန်အလှန်ပစ်ရင်းနဲ့ လက်နက်တိုက်ကို ရအောင်စီးလိုက်တယ်”
လက်နက်တိုက်ရရှိပြီးနောက် တိုက်ပွဲအတွင်းတွင် ရဲတပ်ကြပ်တစ်ဦးကို ဖမ်းမိကြောင်း၊ ကျန်ရဲများကို လက်နက်ချရန် တိုက်တွန်းခဲ့သော်လည်း ၄၅ မိနစ်ကြာ ထပ်မံပစ်ခတ်မှုဖြစ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စခန်းမှူး လက်နက်ကြီးထိမှန် သေဆုံးသွားသလို အခြားရဲနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိပြီးနောက် ရဲအချို့ထွက်ပြေးသွားသည်ဟု ပြောသည်။
“သူများတွေရေးနေသလို အသာတကြည်ပူးပေါင်းတာ မဟုတ်ဘူးဗျ။ ၄၅ မိနစ်လောက် အပြန်အလှန်ပစ်ခတ်ပြီးတော့ ထွက်ပြေးကြတာဗျ။ ပြီးမှ ကျွန်တော်တို့ရှေ့မှာ စောင့်ဖမ်းတာ။ လက်နက်တိုက်နဲ့ ဂါတ်စာရေးအိမ် ဝင်ရောက်စီးနင်းနိုင်လို့သာ ခုလိုဖြစ်တာ” ဟု သူက ပြောသည်။
၎င်းတို့ ဘေးကင်းစွာဆုတ်ခွာသွားချိန်တွင် စစ်ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာပြီး ကျင်းကျေးရွာကို လာရောက်ပစ်ခတ်ခဲ့သဖြင့် နေအိမ်သုံးလုံးပျက်စီးသွားသည်ဟု သိရသည်။
ထိုနေ့ညနေပိုင်းတွင် ကပစ ၂၄ မှ စစ်သား ၁၅၀ကျော် စစ်ကြောင်းထိုးလာခဲ့ပြီး ကျင်းကျေးရွာအရှေ့ဘက် အရှေ့ပုံတောင်နတ်ထိပ်တောင်တွင် PDF/ပကဖ ပူးပေါင်းအဖွဲ့များနှင့် နာရီဝက်ကြာ ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု အထက်ပါ PDF ခေါင်းဆောင်က ပြောသည်။
ဧပြီ ၁၈ရက် နေ့ခင်းတွင် စစ်သားများ ကျင်းရွာထဲကို ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး နယ်မြေရဲစခန်းကို ဝင်ရောက်ချိန်တွင် အဆင်သင့်ထောင်ထားသည့် မိုင်းများကို ဖောက်ခွဲခဲ့သည်ဟု ပြောသည်။
“စခန်းထဲကို ဝင်မှာ သေချာတာဖြစ်လို့ ညကတည်းက စခန်းထဲမှာ မိုင်း(၇၅) လုံးထိ ဆင်ထားပြီးသား။ ၁ နာရီကျော်ကျော်မှာ သူတို့ဝင်တယ်။ ၁း၄၅ မှာ စခန်းထဲမှာရှိသမျှမိုင်းတွေ အကုန်ခွဲလိုက်တာ။ ပြီးတော့ အရာရှိတွေ ကျနိုင်တယ်။ ကျွန်တော်တို့က ရုံးခန်းထဲမှာ ကြမ်းပြင်ကို ခွာပြီးတော့ မိုင်းတွေမြှုပ်ထားတာ” ဟု သူက ပြောသည်။
ထီးလင်းမြို့အရှေ့ဘက် ၂၅ မိုင်အကွာတွင်ရှိသည့် ကျင်းကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး လက်နက်များ သိမ်းယူခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းမထုတ်ပြန်သေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)