သတင်း

မန္တလေးတွင် သင်္ကြန်အလှပြယာဉ်ဆုကြေးများ ပြန်အပ်နှံရ

မန္တလေးမြို့သင်္ကြန်ပွဲအတွင်း အလှပြလှည်းယဉ်တို့ကို စစ်ကောင်စီက အများရှေ့တွင် ဆုကြေးငွေအများအပြား ချီးမြှင့်ပြီးနောက် ယမန်နေ့ ဧပြီ ၁၇ တွင် ထိုငွေသား လာရောက်အပ်နှံကြရန် ခြိမ်းခြောက်တောင်းဆိုခဲ့သည်ဟု သိရသည်။

ဧပြီ ၁၃ ရက်နေ့က ကျုံးမြို့ရိုးအရှေ့ဘက်၌  ပြုလုပ်သည့် ရတနာပုံဥယျာဉ်ဖွင့်ပွဲနှင့် မန္တလေးဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် အလှပြလိုက်ခဲ့ရသည့် လှည်းယဉ်များကို ဧပြီ ၁၆ တွင် ဆုကြေးပေးခဲ့ခြင်းဖြစ်သည်ဟု မန္တလေးသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတွင် ပါဝင်ခဲ့ရသူများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ဆိုသည်။

“အလှပြတာကတော့ အကြိုနေ့တစ်ရက်တည်းပဲ။ နွားရယ်၊ လှည်းရယ်၊ မောင်းတဲ့လူရယ်၊ အလှဆင်ပြီးတော့ သွားခဲ့ကြရတာ။ အတက်နေ့ကျ ဆုပေးဖို့ရှိတယ်၊ ဆုလာယူဆိုတော့ သွားယူတာပေါ့။ ယူပြီးပြန်လာပြီးတော့မှ နောက်တစ်နေ့လည်းရောက်ရော ပေးထားတဲ့ဆုကြေးတွေ ပြန်လာအပ်ပါတဲ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ဆိုသည်။

မန္တလေး ၇ မြို့နယ်ကို ကိုယ်စားပြုပြီး တစ်မြို့နယ်လျှင် လှည်းတစ်စီးနှုန်း အလှပြစေခဲ့ကြောင်း၊ ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ၄၅ သိန်း၊ တတိယဆု ကျပ်သိန်း ၄၀ ဟန်ပြပေးအပ်ခဲ့ကြောင်း သိရသည်။

အလှပြလှည်းယဉ် ငှားရမ်းခပေးချေသော်လည်း ဆုကြေးအဖြစ်ပေးလိုက်သည့် ငွေကြေးအားလုံးကိုမူ စည်ပင်သာယာရေးကော်မတီထံ ပြန်လည်အပ်နှံခဲ့ရခြင်းဖြစ်သည်။

“ခင်ဗျားတို့ ဆုချလို့ ကျွန်တော်တို့ကို ပေးလိုက်တာ မဟုတ်ဘူးလား၊ ဘာလို့ပြန်ပေးရမှာလဲလို့ လှည်းငှားတဲ့လူက မေးတယ်တဲ့။ ဟိုဘက် (စည်ပင်) က အဲဒါ တီဗီမှာ လွှင့်ဖို့ ဆုပေးတာပါ၊ ဌာနမှာ အသုံးပြုရမဲ့ငွေတွေဖြစ်တဲ့အတွက် မဖြစ်မနေ ပြန်အပ်ရမယ်လို့ ပြောသတဲ့။ ပြန်အပ်ရတာပါပဲ” ဟု အထက်ပါ မန္တလေးမြို့သားက ၎င်းကြားသိရပုံကို ဆိုသည်။ 

Myanmar Now အနေဖြင့် ကာယကံရှင်များနှင့် တိုက်ရိုက်ဆက်သွယ်၍ မရသေးသဖြင့် အသေးစိတ် မသိရှိရသေးပေ။   

အလှပြလှည်းယဉ်ပေါ်တွင် နွားလှည်းမောင်းသူနှင့်အတူ နန်းဝတ်နန်းစားဖြင့် အမျိုးသမီးငယ်များ လိုက်ပါအလှပြခဲ့သည်ကို စစ်ကောင်စီ၏ ဝါဒဖြန့် ရုပ်သံနှင့် မီဒီယာများတွင် တွေ့ရသည်။ 

စစ်ကောင်စီ၏ လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် သင်္ကြန်ဖွင့်ပွဲနေ့တွင် ကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များ၊ အလှပြယာဉ်များ၊ ကျုံးရေပြင်တွင် အလှပြသည့် လှေလှော်အဖွဲ့များကို ပထမ၊ ဒုတိယ၊ တတိယ၊ ဂုဏ်ပြုဆု၊ အထူးဂုဏ်ပြုဆုစသည်ဖြင့် ပေးအပ်ခဲ့သည်။

ယိမ်းအဖွဲ့နှင့် လှေလှော်အဖွဲ့များထံမှ ဆုကြေးများကို ပြန်လည်တောင်းယူခြင်း ရှိမရှိ မသိရသေးပေ။

နိုင်ငံအနှံ့ ပြည်သူများ သတ်ဖြတ် ဖမ်းဆီးခံနေရသောကြောင့် စစ်ကောင်စီ၏ သင်္ကြန်ပွဲတွင် ပါဝင်ပူးပေါင်းခြင်း မပြုလုပ်ကြရန် တော်လှန်ရေးသမားများက မေတ္တာရပ်ခံခဲ့ကြသည်။

လက်နက်ကိုင်ခုခံသူများက စစ်ကောင်စီတပ်သားတို့ကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး အများပြည်သူကိုလည်း ထိုပစ်မှတ်များနှင့် ဝေးဝေးနေရန် တိုက်တွန်းထားသည်။

မြန်မာနှစ်သစ်ကူးကာလ စစ်ကောင်စီ စီစဉ်သည့် မဏ္ဍပ်များကို လုံခြုံရေးအင်အား အများအပြားသုံးခဲ့သည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button