
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့ကို ယနေ့ (ဧပြီ ၁၀) နံနက် ၂ နာရီဝန်းကျင်မှစ၍ အင်အား ၃၀၀ ကျော်ဖြင့် ဝင်ရောက်လာသည့် စစ်တပ်နှင့် တစ်နေကုန် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က အကြိမ် ၂၀ ထက်မနည်း ဗုံးကြဲသည်ဟု သတင်းရင်းမြစ်အချို့နှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။
စစ်ကောင်စီက လေးကေ့ကော်မြို့တောင်ဘက်ရှိ အမြောက်ကုန်းမှနေ၍ ရင်ဆိုင်တိုက်ပွဲဖြစ်နေသည့် ရပ်ကွက် ၆ သို့ လက်နက်ကြီးဖြင့် တရစပ်ပစ်ခတ်ခဲ့သလို တိုက်လေယာဉ်နှစ်စီးပါ သုံး၍ လူနေအိမ်များအပေါ် ဗုံးကြဲသည်ဟု တော်လှန်ရေးအဖွဲ့များက ဓာတ်ပုံ၊ ရုပ်သံများနှင့်တကွ ထုတ်ပြန်ထားသည်။
ယနေ့ မွန်းလွဲပိုင်းအထိ စစ်တပ်က ဗုံးကြဲသည့်အကြိမ်ရေ ၂၀ ထက်မနည်းရှိမည်ဟု ဒေသတွင်းသတင်းရင်းမြစ်အချို့က ခန့်မှန်းသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို မသိရသေးပေ။
စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့် Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ရာတွင် ယနေ့ ၆ နာရီအထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ အထိနာနေပြီး လက်တလောတွင် အလောင်း ၁၂ လောင်းရထားကာ အရာရှိအဆင့်များ ပါဝင်သည်ဟုလည်း ညနေ ၆ နာရီခွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“သူတို့ (စစ်ကောင်စီ) လေယာဉ်နဲ့ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေတာ၊ ဗုံးကြဲနေတာရှိတယ်။ အထူးသဖြင့် အရင်ကထက် အခုဆိုရင် အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကိုပါ ပစ်မှတ်ထားဗုံးကြဲနေတာ တွေ့ရတယ်” ဟု Cobra စစ်ကြောင်းပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။
KNU က စစ်တပ်၏ သဘောတူညီချက်ဖြင့် ထူထောင်ထားသည့် ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေ၍ ဒေသခံများ တိမ်းရှောင်နေကြရာ ယနေ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုရှိမရှိ မသိရသေးပေ။
Cobra စစ်ကြောင်းက ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ ဗုံးနှင့် လက်နက်ကြီးဒဏ်ကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးနေသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သတင်းဌာန PVTV ၏ အဆိုအရ မွန်းလွဲပိုင်းအချိန်အထိ စစ်ကောင်စီဘက်မှ ၄၀ ဦးသေဆုံးကြောင်း၊ MA 3၊ MA 2 သေနတ် ၆ လက်၊ စနိုက်ပါ ၁ လက်၊ RPG တစ်လက်၊ ကျည်ဆန်များနှင့်အတူ တပ်မ ၄၄ မှ ဗိုလ်ကြီးတင်လင်းခိုင်ကိုပါ တော်လှန်ရေးအဖွဲ့များ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးအဖွဲ့များဘက်မှ အသက် ၁၈ နှစ်အရွယ် ရဲဘော်မော်ကွန်းသစ်နှင့် ရဲဘော်အောင်မင်းခန့် သေဆုံးပြီး ၄ ဦး ဒဏ်ရာရသည်ဟု Cobra စစ်ကြောင်းပြန်ကြားရေးအဖွဲ့ဝင်က ယနေ့ ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။
တိုက်ပွဲအတွင်း မတ် ၂၅ ရက်တွင် စစ်ကောင်စီထံမှ KNLA သို့ ဘက်ပြောင်းခိုလှုံလာသူ ခြေမြန်တပ်ရင်း (၅၈၅) မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်က တော်လှန်ရေးအဖွဲ့များဘက်မှ ပါဝင်တိုက်ခိုက်နေပြီး ၈၁ မမ လက်နက်ကြီး ပစ်ခတ်နိုင်ရန် ကူညီပေးသည်ဟုလည်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ ထိုဒေသ၌ တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ အသေးစိတ်အခြေအနေများကို အတည်ပြုပေးရန် ခက်ခဲနေဆဲဖြစ်သည်ဟု ယနေ့ ညနေပိုင်းတွင် ပြောသည်။
“(စစ်ကောင်စီကို) တပ်ဆုတ်ပေးပါလို့ ပြောတာကို တပ်အင်အားထပ်ပို့တာရယ်၊ လေယာဉ်ပျံနဲ့ လာပစ်တာနဲ့ပဲ တုံ့ပြန်နေတာမို့ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
တပ်မဟာ (၆) နယ်မြေအတွင်း အကျုံးဝင်သည့် လေးကေ့ကော်ရှိ စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ထွက်ခွာရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို KNU က မတ် ၇ ရက်နေ့တွင် စာပို့ထားသည်။
စစ်ကောင်စီတပ်များ ဆုတ်ခွာခြင်းမရှိသည့် နောက်ပိုင်းတွင် ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်ရာ ဒေသများတွင် တိုက်ပွဲများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။
လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော စစ်ကောင်စီကို ဆန့်ကျင်သူများအား ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်တွင် စစ်တပ်က အင်အားသုံး၍ ဝင်ရောက်ဖမ်းဆီးပြီးနောက်တွင် KNU နှင့် စစ်ကောင်စီအကြား စစ်ရေးအခြေအနေ တောက်လျှောက်တင်းမာနေခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ထိုးထားသည့် KNU က ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်ကြောင်း၊ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရေး တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အတိအလင်းကြေညာထားသည်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ကောင်စီဘက်မှ ခိုလှုံလာသူ ဦးရေတိုးလာနေပြီး ဒုတိယဗိုလ်မှူးကြီးအဆင့် ၃ ဦးထက်မနည်း ပါဝင်ကြောင်း၊ ဖမ်းဆီးရမိသည့် သုံ့ပန်းများကိုလည်း လူသားဆန်စွာ ထားရှိကြောင်း ပဒိုစောတောနီးက ပြောထားသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)