
အကျင့်ပျက်ဝန်ထမ်းတို့က အာဏာဖီဆန်နေသော မန္တလေးမြို့ ကျန်းမာရေးဝန်ထမ်းများကို နှောင့်ယှက်နေသဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) က ယမန်နေ့ (ဧပြီ ၅) တွင် ကြေညာချက်ထုတ်ပြန်ရာတွင် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဒေါက်တာခင်ခင်ကြီး၏ အမည်ကိုပါ ထည့်သွင်းထားသည်။
ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင် CDM များ (လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်ထားသူများ) ကို လက်ခံထားခြင်း ရှိမရှိ စုံစမ်းခြင်း၊ CDM များနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဘဏ်များတွင်လည်း CDM များ၏ မှတ်ပုံတင်များပေးပို့ကာ အကောင့်စစ်ဆေးခိုင်းခြင်း၊ အလုပ်ဖြုတ်ခြင်းတို့ကို ရပ်တန့်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် “ဗိုလ်မှူးတစ်ဦး၏ဇနီးဖြစ်သူ ဒေါက်တာခင်ခင်ကြီးအပါအဝင် အကျင့်ပျက်ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ထိုလုပ်ရပ်များကို ရပ်တန်းကရပ်ရန်နှင့် လိုက်နာခြင်းမရှိပါက အသက်အန္တရာယ်တာဝန်မယူကြောင်း၊ ရဲဘော်များကို ပစ်မိန့်လည်း ပေးထားကြောင်း” MDY PDF ခေါင်းဆောင် ဗိုလ်နက္ခတ်က ပြောသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
မတ် ၂၃ တွင် ရန်ကုန်၊ မှော်ဘီတော်လှန်ရေးအင်အားစု (Hmawbi Revolution Force) က အလားတူ သတိပေးပြီးနောက်တွင် MDY PDF ၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ် ၁၂ တွင် စစ်ကောင်စီက မန္တလေးမြို့မှ CDM အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့် ရုပ်သိမ်းလိုက်ပြီး ဒေသတွင်း ကျန်းမာရေးဝန်ထမ်းသတင်းရပ်ကွက်ထံမှ သိရသည်။
ပုဂ္ဂလိကဆေးရုံဆေးခန်းတာဝန်ရှိသူများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ယူကာ CDM ဆရာဝန်များကို ဆေးရုံများ၌ လက်မခံရန်နှင့် လူနာစာရင်းများ နေ့စဉ်ပေးရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။
ထို့နောက် မန္တလေးမြို့ရှိ မန္တလာ၊ ညိမ်းနှင့် မင်္ဂလာဆေးရုံများအပါအဝင် ပုဂ္ဂလိကဆေးရုံအချို့သည် ယခုရက်ပိုင်းအတွင်း CDM ကျန်းမာရေးဝန်ထမ်းများကို အလုပ်ဖြုတ်ကြသည်ဟု မန္တလေးအခြေစိုက်သတင်းဌာနတချို့က ဖော်ပြထားသည်။
နေပြည်တော်အခြေစိုက် ဒေါက်တာခင်ခင်ကြီးကမူ ၎င်းအနေဖြင့် ဆရာဝန်တစ်ဦး၏ ကျင့်ဝတ် ချိုးဖောက်ခဲ့ခြင်း မရှိဟု မတ် ၂၈ ရက်နေ့က သူ၏ Facebook စာမျက်နှာတွင် မှတ်ချက်ပြုထားသည်။
“ဆေးရုံတွေ လိုင်စင်အသစ်တင်ကြတယ်၊ သက်တမ်းတိုးတင်ကြတယ်၊ ဒါတွေကို ကွင်းဆင်းစစ်ရတယ်၊ မစစ်ဘဲ လိုင်စင်ပေးခွင့်ဥပဒေက မပြဋ္ဌာန်းထားဘူး” ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
“သက်ဆိုင်ရာ တိုင်း/ပြည်နယ် ပုဂ္ဂလိကကျန်းမာရေးအဖွဲ့တွေက စစ်ရတယ်။ ပြီးရင် ဗဟိုအဖွဲ့အနေနဲ့ စစ်ရတယ်။ ဒါဟာ တစ်ဦးတစ်ယောက်တည်းအနေနဲ့ လုပ်တာမျိုးမဟုတ်ဘူး။ အဖွဲ့နဲ့ ဆောင်ရွက်ရတာမျိုးပါ”
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၁ မေ ၅ ရက်နေ့ထုတ် ကြေညာချက်တစ်စောင်တွင်လည်း CDM ဝန်ထမ်းများ ဖိအားပေး၊ ခြိမ်းခြောက်၊ အလုပ်ထုတ်၊ တရားစွဲခံရမှု နေ့စဉ်ဖြစ်ပေါ်နေသည်ဟု ဖော်ပြထားပြီး ကျန်းမာရေးဌာနထိပ်တန်းအရာရှိ ၁၀ ဦး၏ အမည် ဖော်ပြထားရာ ထိုအထဲတွင် ဒေါက်တာခင်ခင်ကြီး၏အမည် ပါဝင်သည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မန္တလေးမှ ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့် ဒေါက်တာသီဟတင်ထွန်းတို့ သေဆုံးခဲ့သည်။
စစ်ကောင်စီအုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်းများလည်း ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။
အာဏာဖီဆန်မှုတွင် မန္တလေးတိုင်းရှိ ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်း ပါဝင်သည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)