သတင်း

ဦးဖုန်ကြားရှင်ဈာပနအပြီး ကိုးကန့်ဒေသကို စစ်ကောင်စီ ထိုးစစ်ပြန်စ

ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ဈာပနသို့ လွမ်းသူ့ပန်းခွေပေးပို့ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင်က နာရေးအပြီး နောက်တစ်ရက်တွင် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း တစ်လနီးပါး ရပ်ဆိုင်းထားသည့် စစ်ရေးလှုပ်ရှားမှုများကို ပြန်လည်စတင်လိုက်သည်။

MNDAA ထူထောင်သူ အသက် ၉၄ နှစ်အရွယ် ဦးဖုန်ကြားရှင် ကွယ်လွန်သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဝမ်းနည်းကြောင်းသဝဏ်လွှာ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် မတ် ၂၉၊ ၃၀ ရက်က ပြုလုပ်သည့် ဈာပနအခမ်းအနားသို့ ဧရာမလွမ်းသူ့ပန်းခြင်းတို့ကို စစ်ခေါင်းဆောင်က ပို့ခဲ့သေးသည်။

သို့သော် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ထွန်းတက်ရောက်သည့် ဈာပနအပြီး မတ် ၃၁ တွင် မူဆယ်မြို့နယ်အတွင်း ၎င်းတို့ထိန်းချုပ်ရာ မုံးပေါ်ဒေသအတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် လှုပ်ရှားလာ၍ တိုက်ပွဲဖြစ်သည်ဟု MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ပြောသည်။


ဦးဖုန်ကြားရှင်၏ နာရေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် လွမ်းသူ့ပန်းခြင်း။ ဓာတ်ပုံများ- The Kokang

ထို့ပြင် ယမန်နေ့ (ဧပြီ ၃) မွန်းလွဲ ၂ နာရီခန့်မှစ၍ မုံးပေါ်ဒေသရှိ ဟူဂန်ကျေးရွာအနီး လှုပ်ရှားနေသည့် MNDAA တပ်မဟာ (၅၁၁) ကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်သည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့လှုပ်ရှားစစ်ကြောင်းကြောင့်ပဲ ဖြစ်တာပေါ့။ သူတို့ထိုးစစ်ဆင်လာလို့ ထိုးစစ်ကို ပြန်ခုခံတဲ့ အခြေအနေပါ” ဟု ကိုရန်နိုင်က ပြောသည်။ 

ထိုတိုက်ပွဲ နာရီအနည်းငယ်သာ ကြာချိန်တွင် တပ်မ (၉၉) လက်အောက်ခံ၊ အမှတ် ၄၂၀ ခြေမြန်တပ်ရင်း ပြန်ဆုတ်သွားသည်ဟု ၎င်းက ဆိုသည်။

အထက်ပါ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေတို့ကိုမူ အတည်မပြုနိုင်သေးဟု ကိုရန်နိုင်က ပြောသည်။ စစ်ကောင်စီကိုလည်း မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ယမန်နှစ် ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ခြောက်လဝန်းကျင်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသ မုံးကိုးခရိုင်အတွင်း MNDAA ထိန်းချုပ်ရာ နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

မိုင်းလား၌ ၂၀၂၁ ဒီဇင်ဘာတွင် နှစ်ဖက်ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှုမရဖြစ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကိုးကန့်ဒေသအတွင်း လေကြောင်း၊ မြေပြင်ထိုးစစ်နှင့် လက်နက်ကြီးများသုံး၍ စစ်ကောင်စီက တောက်လျှောက် စစ်ဆင်နေသည်။

“စစ်ကောင်စီတပ်ကတော့ အစဉ်အလာအရ အပြောတစ်မျိုး အလုပ်တစ်မျိုးပေါ့။ ဒါကတော့ မဆန်းဘူးပေါ့နော်၊ သူတို့အကျင့်လိုဖြစ်နေပြီ” ဟု ကိုရန်နိုင်က ပြောသည်။

MNDAA သည် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကမ်းလှမ်းမှုကို ငြင်းဆန်ပြီးနောက်တွင် ကိုးကန့်ဒေသအတွင်း စစ်တပ်၏ ထိုးစစ်များကို မကြာခဏကြုံနေရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ခေါင်းဆောင် ဦးဖုန်ကြားရှင်။ ဓာတ်ပုံ – The Kokang

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button