ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် MNDAA ခေါ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကို တည်ထောင်ခဲ့သူ ဦးဖုန်ကြားရှင် ကွယ်လွန်ပြီးနှစ်ပတ်အကြာတွင် စစ်ကောင်စီက ထိုးစစ် ပြန်လည်စတင်နေကြောင်း သိရသည်။
ကိုးကန့်ဒေသ မုံးကိုးမြို့နယ်တွင် မတ် ၁ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်မှာ နှစ်ရက်ဆက်ရှိပြီဖြစ်ကြောင်း MNDAA တာဝန်ရှိသူက Myanmar Now ကို ပြောသည်။
ဖေဖော်ဝါရီ ၁၆ ရက်က ကိုးကန့်ခေါင်းဆောင် ကွယ်လွန်ချိန်တွင် အာဏာသိမ်းခေါင်းဆောင်က နေ့ကူးမခံဘဲ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ ထို့နောက် သီတင်းနှစ်ပတ်ကျော်ကြာ ရပ်တန့်နေခဲ့ရာမှ တိုက်ပွဲပြန်ဖြစ်လာသည်။
ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ စစ်ကောင်စီက ကွတ်ခိုင်မှ မုံးကိုးသို့ စစ်သုံးထရပ်ကား အစီး ၄၀ ကျော်စာ စစ်အင်အားပို့ခဲ့သည်ဟု MNDAA ပြန်ကြားရေးအဖွဲ့မှ ကိုရန်နိုင်က ပြောသည်။
ထို့နောက် မတ် ၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် မုံးကိုးမြို့နယ် မန်ကျယ်ဒေသအတွင်းရှိသည့် စခန်းကုန်းတစ်ခုကို စစ်တပ်က လာရောက်တိုက်ခိုက်သည်ဟု ၎င်းထံမှ သိရသည်။

“တော်တော်တော့ပြင်းထန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ သူတို့(စစ်ကောင်စီ)ဘက်ကတော့ ရှိနိုင်ပေမဲ့ အတိအကျတော့ မသိဘူး” ဟု ကိုရန်နိုင်က ဆိုသည်။
ထိုတိုက်ပွဲကို ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁၂) လက်အောက်ခံ ခြေလျင်တပ်ရင်း(၂၈၇)က အင်အား ၈၀ ကျော်ဖြင့် လာတိုက်သည်ဟု MNDAA ဘက်က ဆိုသည်။
ယင်းအပြင် မုံးကိုးမြို့အနောက်တောင်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် MNDAA ၏ မန်ရန်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် အချက် ၈၀ ကျော်ပစ်ခတ်ခဲ့သည်ဟု ကိုရန်နိုင်က ပြောသည်။
နောက်တစ်ရက် မတ် ၂ ရက် နံနက် ၉ နာရီတွင် မုံးကိုးခရိုင် မုံးပေါ်ဒေသ၊ မန်ပင်တောင်အနောက်ဘက်ရှိ ကိုးကန့်စခန်းကုန်းကို စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံထိုးစစ်ဆင်ပြီး တစ်နာရီခွဲခန့်အကြာတွင် ပြန်ဆုတ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။
ထိုတိုက်ပွဲကို တပ်မ ၉၉ လက်အောက်ခံ မန္တလေးတိုင်း၊ သာစည်အခြေစိုက် ခြေမြန်တပ်ရင်း(၄၂၀)မှ လာတိုက်သည်ဟု ကိုရန်နိုင်ထံမှ သိရသည်။
တရုတ်-မြန်မာနယ်စပ် မုံးကိုးခရိုင်အတွင်း တိုက်ပွဲပြန်ဖြစ်နေသော်လည်း မုံးကိုးမြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာနေသည်ဟု အသက် ၅၀ ဝန်းကျင် မြို့ခံတစ်ဦးက ပြောသည်။
၂၀၂၁ ဇူလိုင်မှ စတင်သည့် တိုက်ပွဲများကြောင့် မုံးကိုးမြို့အရှေ့ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသည့် ကောင်းလုံကျေးရွာအုပ်စုမှ ဒေသခံ ၆၀၀ ခန့်မှာ ယနေ့အချိန်အထိ မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် သောင်တင်နေဆဲ ဖြစ်သည်ဟု ထိုမြို့ခံထံမှ သိရသည်။
မုံးကိုးဒေသသို့ စစ်ကောင်စီ၏ တပ်အင်အား ထိုသို့ ရုတ်တရက် ထပ်တိုးရောက်လာနေသည်မှာ ခေါင်းဆောင်ဖြစ်သူ၏ နာရေးကြောင့် အလုပ်ရှုပ်နေသည်ကို အခွင့်ကောင်းယူခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က သုံးသပ်သည်။
“သဝဏ်လွှာပို့တာက ပို့တာပဲ။ စစ်အင်အားတွေက ဆက်ပြီးဖြည့်နေတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာပဲ” ဟု ၎င်းက ပြောသည်။
တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။

ဦးဖုန်ကြားရှင်မှာ ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်၍ ၎င်း၏ သမီးရှိရာ ထိုမြို့၌ပင် မတ် ၂၉ ရက်တွင် နာရေးပြုလုပ်မည်ဟု ကိုရန်နိုင်ထံမှ သိရသည်။
ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်ကောင်စီဖွဲ့၍ အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ နေရာအများစုတွင် စစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး MNDAA အဖွဲ့ ထိန်းချုပ်ရာ ကိုးကန့်ဒေသတွင် တိုက်ပွဲများဖြစ်နေသည်မှာ တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



