
ယမန်နေ့ (ဧပြီ ၃) တွင် စစ်တပ်က ဖမ်းဆီးသွားခဲ့သည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာ ဘုန်းကြီးသင်ပညာရေးကျောင်း တာဝန်ခံဆရာတော် ယနေ့ ပျံလွန်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဦးပညာဝံသ၏ရုပ်အလောင်းကို မတ္တရာပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် ယူဆောင်ရန် ဆရာတော်၏ ဒါယကာတစ်ဦးထံ အသိပေးခဲ့ခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညနေကမှ ဖမ်းသွားတာ။ ဒီနေ့မနက်ကျတော့ ရင်ခွဲရုံကို အလောင်းရောက်နေပြီ၊ လာထုတ်ဆိုပြီး အကြောင်းကြားလာတာ” ဟု ထိုဒေသခံက ပြောသည်။
ဦးပညာဝံသကို ဖမ်းဆီးရသည့် အကြောင်းရင်း၊ ပျံတော်မူရသည့် အကြောင်းရင်းတို့ကို သိရှိနိုင်ရေးအတွက် မတ္တရာမြို့မရဲစခန်းကို ဖုန်းဆက် မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ဦးပညာဝံသ ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင် ပျံတော်မူရခြင်းမှာ စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် နှိပ်စက်ခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဒေသခံတို့က ပြောသည်။
ဖမ်းဆီးမှုအခြေအနေများကို မှတ်တမ်းတင်နေသည့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ဧပြီ ၁ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သား ၁၇၂၃ ဦးထက်မနည်း သေဆုံးပြီးဖြစ်ကြောင်း သိရသည်။
စစ်ဗိုလ်ချုပ်များကမူ သေဆုံးမှု အနည်းငယ်သာ ရှိသည်ဟု ပြောခဲ့ဖူးသည်။
ဦးပညာဝံသကို ဖမ်းဆီးသည့်နေ့က ကင်းကျေးရွာတောင်ပိုင်း လွင်ဦးကျောင်းမှ ဒလန်ဟု နာမည်ထွက်နေသူ ဦးဇင်းစိုးဆိုသည့် ဘုန်းကြီးတစ်ပါး သတ်ဖြတ်ခံရသည်။
ထိုဘုန်းကြီး သတ်ဖြတ်ခံရအပြီး ကင်းရွာသို့ စစ်သားများ ရောက်လာကာ ဦးပညာဝံသနှင့် ရွာသားအများအပြားကို ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။
စစ်တပ်နှင့် ဆက်စပ်နေသူများ သတ်ဖြတ်ခံရမှုအတွက် မေးမြန်းစုံစမ်းရန် ထိုသို့ ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု အထက်ပါ အမည်မဖော်လိုသည့် ရွာသားက ပြောသည်။
“ဘုန်းဘုန်းကို ဦးဇင်းစိုး လုပ်ကြံခံရမှုရော၊ စစ်တပ်ခန့် အုပ်ကြီးသတ်ခံရမှုရောကြောင့် ဖမ်းသွားတာ၊ တကယ်တမ်းက ဦးဇင်းစိုးကို ဘယ်သူသတ်လို့ သတ်မှန်းကို မသိဘူး” ဟု ထိုရွာသားက ပြောသည်။
ပျံတော်မူသွားသည့် ဘုန်းကြီးနှစ်ပါးသည် ကျောင်းထိုင်ရာထူးနေရာအတွက် ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်သည်ဟု သိရသည်။
ဦးဇင်းစိုးသည် စစ်တပ်ကို သတင်းပေးခြင်း၊ ပျူစောထီးများ စုဆောင်းခြင်း၊ PDF ထောက်ပံ့ရေးသမားဟု ယူဆခံရသူတို့၏ နေအိမ်များကို မီးရှို့စေခြင်း စသည့် လုပ်ငန်းများကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် တွဲဖက်လုပ်ကိုင်ခဲ့သည်ဟု ဒေသခံတချို့က ပြောသည်။
ဦးဇင်းစိုး သတ်ခံရပြီးချိန်တွင် စစ်ကောင်စီတပ်သားများ ကင်းရွာသို့ ရောက်လာပြီး လွင်ဦးကျောင်းတွင် တပ်စွဲကာ ရွာသား ၂၀ ခန့်ကို ဖမ်းဆီးထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီ၏ယနေ့ထုတ်သတင်းစာများတွင် တောင်ကျောင်းဆရာတော်ကို PDF ၁၀ ဦးခန့်က ပစ်သတ်ခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော်လည်း ရွာသားများကို ဖမ်းဆီးခြင်း၊ ဦးပညာဝံသ ဖမ်းဆီးခံရပြီး ပျံလွန်တော်မူခြင်း စသည့် ဖြစ်ရပ်များကို သတင်းထုတ်ပြန်ခြင်း မရှိပေ။
ဧပြီ ၃ တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး ကင်းရွာသို့ ခြေလျင်ပြန်လာသည့် အင်အားသုံးဆယ်ခန့်ပါ စစ်ကြောင်းတစ်ခုကို ထိုနေ့ ညနေ ၄ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားအများအပြား သေဆုံး ဒဏ်ရာရသွားကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)