
(ရန်ကုန်) — အမှုများစွာရင်ဆိုင်နေရသော ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေဖြင့် တရားစွဲဆိုခံနေရမှုကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အစား အခြားမြို့နယ်တစ်ခုခုရှိ တရားရုံးတွင် စစ်ဆေးရန် လာမည့်တရားခွင်တွင် လျှောက်ထားမည်ဟု ၎င်း၏ရှေ့နေက မေ ၈ ရက်နေ့တွင် ပြောသည်။
တရားသူကြီးသည် တရားရုံးမထီမဲ့မြင်ပြုမှုဖြင့် ကိုအောင်ကိုထွေး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့်အမှုတွင် တရားလိုဖြစ်ဖူးသည်ဟူသော အချက်ကြောင့် ထိုသို့ လျှောက်ထားရန် စီစဉ်ခြင်း ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
“တရားသူကြီးကလည်း ခံစားချက်မပါနိုင်ဘူးလို့ အတတ်မပြောနိုင်သလို ကိုအောင်ကိုထွေးကိုယ်တိုင်ကလည်း ဒီမှာဆက်စစ်နေမှာကို မလိုလားဘူး။ ခရိုင်တရားရုံးကတော့ ဘယ်တရား ရုံးကို လွှဲပေးမယ်ဆိုတာ အတိအကျတော့ မသိသေးဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာက မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးပဲ။ အဲ့ဒီတရားရုံးမရရင် ဒုတိယအနေနဲ့ တာမွေမြို့နယ်တရားရုံးပေါ့” ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ဖောက်ဖျက်ကျူးလွန်သည်ဟူသော အမှုကို မေ ၂၂ တွင် စတင်စစ်ဆေးမည် ဖြစ်သည်။
တရားစွဲမှုများ
ကလေးစစ်သားဟောင်းသည် ပုဒ်မ အမျိုးမျိုးဖြင့် တရားစွဲခံခဲ့ရပြီး အချို့အမှုများမှာ မကြာသေးခင်လများအတွင်းက စီရင်ချက်ချပြီးသော အမှုများ ဖြစ်သည်။
အသံလွှင့်ဌာနတစ်ခုက ကလေးစစ်သားဘဝနှင့် နောက်ဆက်တွဲအတွေ့အကြုံများအကြောင်း ထုတ်လွှင့်ပြီးနောက်ပိုင်း ကိုအောင်ကိုထွေးသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရပြီး မကြာသေးမီက ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည်။
ယင်းအမှု ကြားနာစစ်ဆေးစဉ် တရားရုံး၏ စစ်ဆေးမှု မျှတခြင်းမရှိဟု ဆိုပြီး သပိတ်မှောက်ရာ တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ အရ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။
ပုဒ်မ ၅၀၅(ခ) အမှု စီရင်ချက်ချသည့်နေ့တွင် ၎င်းနှင့် ဝန်းရံသူများက တရားရုံးရှေ့တွင် ဆန္ဒပြစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို မြေသို့ချကာ ခြေထောက်ဖြင့် တက်နင်းခဲ့ သည်ဟု ဆိုကာ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေ ပုဒ်မ ၇ ဖြင့် တရားစွဲခံလိုက်ရသည်။
သူနှင့်အတူ တရားစွဲဆိုခြင်းခံထားရပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသူများမှာ မခင်ချိုနိုင်၊ မသန်းသန်းအေး(ခ) မသန်းသန်းထွေး၊ ကိုမြင့်ဇော် တို့ ဖြစ်သည်။
လူ့အခွင့်အရေး
မေလ ၈ ရက်နေ့ တရားရုံးသို့ ရောက်လာသည့် ကလေးစစ်သားဟောင်းက ၎င်းသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို မီဒီယာသို့ ထုတ်ဖော်ပြောကြားခဲ့မှုကြောင့် တရားစွဲခံရခြင်း ဖြစ်ကြောင်း၊ အမှုနှစ်ခုအတွက် ထောင်ဒဏ်များ ချမှတ်ပြီးနောက် နှစ်ရှည်ထောင်ဒဏ် ကျခံရနိုင်သည့်အမှုဖြင့် ထပ်မံတရားစွဲခြင်းမှာ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် ပြောကြားခဲ့သည့် တရားဥပဒေစိုးမိုးရေး ဆိုသည်ကို မေးခွန်းထုတ်ရတော့မည်ဟု Myanmar Now ကို ပြောသည်။
“ကျွန်တော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာကို ထုတ်ဖော်လို့ တရားစွဲကာ အမြင့်ဆုံးပြစ်ဒဏ်ကို ပေးတယ်။ အခုလဲ ကျွန်တော့်ကို ထောင်ထပ်ချဖို့ လုပ်တယ်။ ကျွန်တော့်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရာတွေကို ဘယ်သူတစ်ဦးတစ်ယောက်မှ လှည့်မကြည့်ကြဘူး” ဟု ကိုအောင်ကိုထွေးက ဆိုသည်။