သတင်း

ထားဝယ်မှ ဆန္ဒပြလင်မယား နှစ်ရှည်ထောင်ဒဏ်ချခံရ 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှ အသက် ၃၀ ကျော်အရွယ် ဇနီးမောင်နှံကို စစ်ကောင်စီက ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားသဖြင့် ၎င်းတို့၏ ၁၀ နှစ်ခန့်အရွယ် သားဖြစ်သူမှာ ဘိုးဘွားများနှင့် နေထိုင်နေရသည်ဟု ၎င်းတို့၏ မိတ်ဆွေ အသက် ၃၀ အရွယ် အမျိုးသားထံမှ သိရသည်။ 

ကလေးမှာ တစ်ဦးတည်းသောသားဖြစ်ကြောင်း၊ အခြားသော အကျဉ်းသားများနည်းတူ ဇနီးမောင်နှံကို ထောင်ဝင်စာတွေ့ခွင့် မရသေးကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ခံတစ်ဦးကလည်း ပြောသည်။

မိခင်ဖြစ်သူ မနှင်းစုလှိုင်မှာ အလုပ်နှင့် ထောင် ၄ နှစ်ခွဲ၊ ဖခင် ကိုဇေလင်းဦးမှာ အလုပ်နှင့် ထောင် ၂၁ နှစ်ခွဲ ချခံထားရသည်။

ယမန်နှစ် နိုဝင်ဘာက ထားဝယ်ထောင်တွင်းတရားရုံး မြို့နယ်တရားသူကြီး ဒေါ်မြင့်မြင့်ဆန်းက အသက် ၃၉ နှစ်အရွယ် ကိုဇေလင်းဦးကို ထောင် ၆ နှစ် ချခဲ့သည်။ ပုဒ်မများမှာ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)၊ (ဂ)၊ လက်နက်အက်ဥပဒေ ပုဒ်မ ၁၉ (စ)၊ (င) တို့ ဖြစ်သည်။

အသက် ၃၄ နှစ်ရှိပြီဖြစ်သော မနှင်းစုလှိုင်ကိုလည်း ထိုစဉ်က အလားတူပုဒ်မများနှင့် ထောင်ချခြင်း ဖြစ်သည်။

မတ် ၃၀ ရက်နေ့တွင် ကိုဇေလင်းဦးကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ထောင် ၁၀ နှစ်၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် ထောင် ၅ နှစ် ကျခံရန် ထားဝယ်ခရိုင်တရားရုံးက စီရင်ခဲ့သည်ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားကွန်ရက်က ထိုနေ့မှာပင် သတင်းထုတ်ပြန်သည်။ 

ထိုအမှု ၂ ခုမှ တရားသူကြီး၊ ဥပဒေအရာရှိ၊ တရားလိုတို့၏ အမည်ကို မသိရှိရသေးပေ။ 

လူသတ်ပုဒ်မနှင့် ထောင်ချခံရသော်လည်း ကိုဇေလင်းဦး ကျူးလွန်ခြင်း မဟုတ်ဘဲ တရားခံမရှိ၍ အစားထိုးလိုက်ခြင်းဖြစ်သည်ဟု ၎င်းနှင့်အတူ အကျဉ်းထောင်တွင် တစ်လကြာ တွေ့ဆုံဖူးသည့် လုံခြုံရေးအရ အမည်မဖော်လိုသော အထက်ပါ အသက် ၃၀ ဝန်းကျင် နိုင်ငံရေးအကျဉ်းသားဟောင်းက ဆိုသည်။

သို့သော်လည်း Myanmar Now အနေဖြင့် သူ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

ကိုဇေလင်းဦးသည် ထောင်အတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုနှင့် စည်းရုံးမှုများ ပြုလုပ်သည်ဆိုကာ တိုက်ပိတ်ခံထားရသည်မှာ နှစ်လခန့်ကြာမြင့်ပြီဟု ၎င်းကို ထောင်အတွင်း၌ ဆုံခဲ့ဖူးသည့် ထားဝယ်နိုင်ငံရေးအကျဉ်းသားကွန်ရက်၏ တာဝန်ခံက ပြောသည်။ 

“ဖမ်းခံရပြီးတဲ့အချိန်မှာ ဆိုးဆိုးဝါးဝါး စစ်ကြောခံထားရတယ်။ သူ့ရဲ့မျက်နှာတွေမှာ ဖူးရောင်နေတဲ့ ဒဏ်ရာတွေ ရှိတယ်။ ခြေတွေလက်တွေ နောက်ကျောတွေမှာ ကြီးကြီးမားမား ရိုက်နှက်ခံထားရတာတွေ ရှိတယ်။ ပြီးတော့ ထောင်ကို ရောက်လာတာပေါ့” ဟု ၎င်းက ဆိုသည်။ 

“သူက လုံးဝ တက်တက်ကြွကြွ။ အထဲမှာလည်း ထောင်နဲ့ ပတ်သက်တဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ အဲဒီလိုတွေ တောင်းဆိုတာလည်း ရှိတယ်” 

ကိုဇေလင်းဦးနှင့်အတူ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး တိုက်ပိတ်ခံရသည်ဟု သိရသည်။ 

ကိုဇေလင်းဦးသည် အာဏာမသိမ်းခင်က ဂီတနှင့် ပတ်သက်သော ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ပြီး မြန်မာနိုင်ငံတွင် သဘာဝဘေးဒုက္ခသည်များကို ကူညီခြင်းအပါအဝင် ပရဟိတလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်သည်ဟု ၎င်း၏ မိတ်ဆွေများဖြစ်သော အသက် ၃၀ အရွယ် လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးနှင့် ရဟန်းတစ်ပါးထံမှ သိရသည်။ 

ကိုဇေလင်းဦးသည် အလုပ်လုပ်ရင်း စုဆောင်းခဲ့သည်များကို ငယ်စဉ်ကတည်းက ဝါသနာပါသည့် ဂီတလမ်းကြောင်းတွင် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ထားဝယ်မြို့မှာ Phoenix ဆိုတဲ့ တီးဝိုင်းတစ်ခုကို သူတည်ထောင်ခဲ့ပါတယ်၊ ဝါသနာကို အရင်းတည်ထားတယ်ဆိုတော့ ဒီအရာကိုပဲ အလုပ်ဆိုပြီး ပြောရမှာပေါ့။ အာဏာသိမ်းစစ်ကောင်စီကို လက်မခံနိုင်တဲ့အတွက် ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးခံခဲ့ရပါတယ်”

ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက်တွင် နေထိုင်သော၊ စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သော ၎င်းတို့ဇနီးမောင်နှံသည် ကျောက်မော်ရပ်၊ ကျန်းမာရေးလမ်းတွင် ၂၀၂၁ မတ် ၃၁ ရက် နေ့လယ်ပိုင်းက အဖမ်းခံရခြင်း ဖြစ်ကြောင်း၊ ဇနီးဖြစ်သူမှာ ကိုဗစ်ကာလတွင် စင်ကာပူမှ ပြန်လာသူဖြစ်ကြောင်း နီးစပ်သူများကို ကိုးကားပြီး Dawei Watch သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ၏ ထားဝယ်ထောင်တွင်းတရားရုံးက အာဏာသိမ်းမှုဆန့်ကျင်သူအများအပြားကို စစ်ဆေးလျက်ရှိရာ ၂၀၂၂၊ မတ်လ ၆ ရက်နေ့အထိ အမျိုးသား ၁၇၅ ဦး၊ အမျိုးသမီး ၃၈ ဦးတို့ကို ထောင်ချခဲ့ပြီးဖြစ်သည်ဟု ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button