အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထားဝယ်ထောင်တွင်းတရားရုံးက ဆယ်တန်းကျောင်းသူကို ထောင် ၁၀ နှစ်ချ

လက်နက်ကိုင်အဖွဲ့ထံ ငွေလှူသည်ဟု စွဲချက်တင်ခံခဲ့ရသော တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှ ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည်ဟု ထားဝယ်အကျဉ်းသားကွန်ရက်က ယမန်နေ့ (မတ် ၂၉) တွင် သတင်းထုတ်ပြန်သည်။  

ယမန်နှစ် သြဂုတ် ၂၂ ရက်နေ့က  ကလိန်အောင်၊ အမှတ် (၁) ရပ်ကွက် နေအိမ်တွင် ဖမ်းဆီးခံရပြီးနောက် ထောင်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၅၂ (က) တို့ဖြင့် ထားဝယ်ခရိုင်တရားရုံးတွင် အမှုဖွင့်ခံရခြင်း ဖြစ်သည်။

စွပ်စွဲချက်တစ်ခုအတွက် ပုဒ်မ ၂ ခုဖွင့်သော အမှု၏ တရားလို၊ ဥပဒေအရာရှိ၊ အမိန့်ချတရားသူကြီးတို့၏အမည်ကို မသိရသေးပေ။ 

မဆောင်းနှင်းဖြူက တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ကို Kpay မှတစ်ဆင့် ကျပ် ၁၃၅၀၀ လှူဒါန်းခဲ့ဖူးကြောင်း၊ ထိုအဖွဲ့မှ အဖွဲ့ဝင် ဖမ်းဆီးခံရပြီးနောက် ထိုလှူဒါန်းမှုအချက်အလက် ပေါက်ကြားသွားခြင်းဖြစ်ကြောင်း မဆောင်းနှင်းဖြူနှင့် ထားဝယ်အကျဉ်းထောင်အတွင်း တွေ့ဆုံခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မဆောင်းနှင်းဖြူသည် နှလုံးရောဂါအခံရှိသလို လက်ကျိုးထားသည့် ဒဏ်ရာဟောင်းကလည်း နာကျင်တတ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော အသက် ၂ဝ ကျော်အရွယ် ထိုအမျိုးသမီးက ပြောသည်။  

ဖမ်းဆီးခံရသည့် အကြောင်းရင်း၊ ကျန်းမာရေးအခြေအနေတို့နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထားဝယ်အကျဉ်းသားကွန်ရက်တာဝန်ခံက စစ်ကောင်စီ၏လုပ်ရပ်ကြောင့် မဆောင်နှင်းဖြူ များစွာနစ်နာသည်ဟု ဆိုသည်။

“၁၉ နှစ်ပဲ​ ရှိသေးတယ်၊ တက္ကသိုလ်တောင် မတက်လိုက်ရဘဲနဲ့ ထောင်ထဲကို ရောက်သွားပြီးတော့ ၁ဝ နှစ်ဆိုတဲ့ အမိန့်ကြီးကို ချလိုက်တယ်။ အဲဒါကြီးကို တော်တော်လေးခံပြင်းပါတယ်” ဟု ကွန်ရက်တာဝန်ခံက ဆိုသည်။

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ဘေးဒုက္ခသည်များကို ကျပ် ၅၀၀၀ စီ လှူဒါန်းခဲ့ကြသူ အသက် ၂၀ ဝန်းကျင် တက္ကသိုလ်ကျောင်းသူနှစ်ဦးမှာလည်း အလုပ်နှင့် ထောင် ၇ နှစ်စီ ချမှတ်ခံခဲ့ရသည်ဟု သူက ဆက်ပြောသည်။

“ငွေလှူတဲ့သူတွေ အဲဒီလိုလှူရင် အဲဒီလိုကျမယ်လို့ ဆိုတာမျိုးပေါ့ဗျာ။ ရိုးရိုးဆန္ဒပြတဲ့သူတွေကို ချတာထက်တောင် ထောင်ဒဏ်တွေ အများကြီးချပစ်လိုက်တာပေါ့” ဟု ကွန်ရက်တာဝန်ခံက ပြောသည်။ 

ထိုနှစ်ဦးသည်လည်း Kpay နှင့် ငွေလွှဲခဲ့ကြသူများဖြစ်သည်ဟု ၎င်းက ဆိုသည်။   

စစ်ကောင်စီ၏ ထားဝယ်ထောင်တွင်းတရားရုံးက အာဏာသိမ်းမှုဆန့်ကျင်သူအများအပြားကို စစ်ဆေးလျက်ရှိရာ ၂၀၂၂၊ မတ်လ ၆ ရက်နေ့အထိ အမျိုးသား ၁၇၅ ဦး၊ အမျိုးသမီး ၃၈ ဦး တို့ကို ထောင်ချခဲ့ပြီးဖြစ်သည်ဟု ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button