မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှ ၁၁ နှစ်အရွယ် ငါးတန်းကျောင်းသားကို စစ်ကောင်စီတပ်က မတ် ၂၆ ရက်နေ့က ၁ ရက်ကြာ ဖမ်းဆီးနှိပ်စက်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ပံ့သည်ဟူသော သံသယနှင့် သရက်တန်းကျေးရွာမှ ဒေသခံ ၄ ဦး ဖမ်းဆီးခံရမှုတွင် မောင်မိုးလွန်း ပါသွားခြင်းဖြစ်သည်ဟု ထိုရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ကလေးလေးကို အိမ်မှာတင်ပဲ ရိုက်နှက်ပြီး ဖမ်းသွားတာ၊ မျက်နှာတွေကို ရိုက်ပြီး ဖမ်းသွားတယ်။ လင်မယားနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်လည်း အဲ့လိုပဲ၊ စုတ်ပြတ်နေအောင် ရိုက်ပြီး ဖမ်းသွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။
ချုပ်နှောင်ခံထားရစဉ်လည်း ရိုက်နှက်ခံရသဖြင့် ကလေး၏မျက်နှာတစ်ခုလုံး ညိုမည်း ရောင်ကိုင်းနေသည်ကို မြင်ရကြောင်း၊ ဆေးရုံဆေးခန်းလည်း မပို့ရဲကြကြောင်း သူက ဆက်ပြောသည်။
ဖမ်းဆီးခံရသူ အခြား ၃ ဦးမှာ ဦးဌေးဝင်း၊ အသက် ၄၀ ကျော်အရွယ်များဖြစ်ကြသည့် ဦးတရုတ်နှင့် ဒေါ်ဝင်းကြည်လင်မယားတို့ ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့ကို အမရပူရမြို့နယ် ရတနာ့ဂူဘုန်းကြီးကျောင်းထဲသို့ ခေါ်သွားခဲ့ပြီးနောက် ဒေါ်ဝင်းကြည်နှင့် ထိုကလေးကိုသာ ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု မိသားစုနီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။
ကျန်သည့် အမျိုးသားနှစ်ဦး သေဆုံးခြင်း မရှိသေးပါက မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းသို့ ရောက်နိုင်သည်ဟု ၎င်းက ယူဆနေသည်။
“ဒေါ်ဝင်းကြည်က ရက်ရက်စက်စက် နှိပ်စက်ခံထားရတယ်၊ ဆန်တစ်အိတ် ထောက်ပံ့ထားတယ်ဆိုပြီး ဖမ်းတာ” ဟု အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။
ထို ၄ ဦးကို ဖမ်းဆီးသည်၊ နှိပ်စက်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မြစ်ငယ်ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
မြစ်ငယ်တွင် လက်နက်ကိုင်ခုခံသူတို့နှင့် ဆက်စပ်သည်ဟု စွပ်စွဲခံထားရသူ၊ ဆွေမျိုးတော်စပ်သူတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက သိမ်းဆည်းလျက်ရှိသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



