
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ဇနီး အသတ်ခံရသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာသို့ ရောက်ရှိလာသည့် စစ်ယာဉ်တန်းကို ယမန်နေ့ (မတ် ၂၇) နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ပြောသည်။
စစ်ကား ၅ စီး ရောက်လာစဉ် သဖန်းကိုင်းရွာအနီး တစ်ကြိမ်၊ မြောင်းသစ်ကျေးရွာအနီး တစ်ကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မတ္တရာ PDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ နှစ်ကြိမ်လုံးမှာ ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အနည်ဆုံး ၁၀ ယောက် အထက်၊ ၁၅ ယောက်ဝန်းကျင်လောက် သေတယ်။ အများအပြားလည်း ဒဏ်ရာရပါတယ်” ဟု သူက ပြောသည်။
သေဆုံးဒဏ်ရာရ စစ်သားများအား မတ္တရာပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ ထိခိုက်သူများပြားကြောင်း မတ္တရာမြို့နေ အမျိုးသားတစ်ဦးကလည်း ဆိုသည်။
စစ်ကားများသည် အုပ်ချုပ်ရေးမှူးသတ်ဖြတ်ခံရမှုအတွက် ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတို့က ယူဆသည်။
မတ် ၂၆ ည ၈ နာရီခန့်တွင် လက်နက်ကိုင်လူတစ်စုက သဖန်းကိုင်းကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ဝင်ရောက်ပြီး “ဘယ်ကောင် PDF လဲ၊ PDF ဆိုတဲ့ ကောင်တွေ၊ ထွက်ခဲ့” ဟု အော်ဟစ်ပြောဆိုပြီး အုပ်ချုပ်ရေးမှူး ဦးမြတ်ရှင်နှင့် ဇနီးဖြစ်သူ ဒေါ်မာမာတို့ကို သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သဖန်းကိုင်းသားတစ်ဦးက ပြောသည်။
“အရပ်သားတွေလိုပဲ၊ သေနတ်တွေနဲ့ ဝင်လာပြီး အော်ဟစ် ပစ်ခတ်ပြီး ဝင်လာတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးလင်မယားကို မျက်နှာ ဓားတွေနဲ့ခုတ်၊ လည်ပင်းတွေ လှီးပြီး သတ်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
တာဝန်မှ နုတ်ထွက်ရန် PDF က သတိပေးပြီးနောက် အုပ်ချုပ်ရေးမှူးက ရှင်းလင်းစွာ တုံ့ပြန်ပြုမူခြင်း မရှိခဲ့ဟု ဆိုသည်။
မတ္တရာမြို့နယ်အတွင်းမှ ပြောက်ကျားအဖွဲ့များက ထိုလင်မယား သတ်ခံရမှုသည် ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားကြသည်။
မန္တလေးမှ မိုးကုတ်၊ သပိတ်ကျင်း စသည့်မြို့နယ်များသို့ သွားသည့် လမ်းတွင် တည်ရှိသည့် မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က သဖန်းကိုင်းကျေးရွာကို ဝင်ရောက်ရှာဖွေခြင်း၊ PDF သံသယရှိသူတို့၏ နေအိမ်များကို မီးရှို့ခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။
ဖေဖော်ဝါရီ ၂၉ က မတ္တရာမြို့နယ် ကင်းကျေးရွာမှ ဒလန်ဟု ကျော်စောသူတစ်ဦးကို ဒေသခံပြောက်ကျားအဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ပြီးနောက် လာရောက်သည့် အင်အား ၄၀ ခန့် ပါသည့် စစ်ကောင်စီ ထရပ်ကားတစ်စီးနှင့် ကားသေးတစ်စီးကို လမိုင်းကျေးရွာအုပ်စု၊ မန်ကျည်းကုန်းကျေးရွာအနီး မတ္တရာ PDF က လက်လုပ်မိုင်းထောင်၍ ဖောက်ခွဲခဲ့သည်။
မတ္တရာမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် စစ်ကောင်စီယာဉ်တန်းများလည်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)