လက်နက်ခဲယမ်းများနှင့်အတူ လက်လွှတ်ဆုံးရှုံးခဲ့သော မော်ခီးစခန်းရှိရာ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဝေါလေမြို့ခွဲအတွင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၄၀ ကျော် သေဆုံးသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ဆိုသည်။
ယမန်နေ့ (မတ် ၂၇) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဝေါလေမြို့အနီး ကျောက်ခက်ရွာနှင့် သေ့ဘော်ဘိုးကြားရှိ ဘလယ်ဒိုကျေးရွာတစ်ဝိုက်တွင် အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
“ကျွန်တော်တို့ တပ်မှူးတွေကို မေးကြည့်တော့ ၄၀ အထက်မှာ သေတယ်လို့ ပြောတယ်။ သေတာ တော်တော်များတယ်လို့ ပြောတယ်။ အဲဒါတော့ သေချာရှိတယ်။ ဒါပေမဲ့ တစ်ယောက်ချင်းလိုက်ရေဖို့က တော်တော်ခက်တယ်” ဟု ၎င်းက ယနေ့တွင် Myanmar Now ကို ပြောသည်။
မြေပြင်တွင် ထိခိုက်သေဆုံးမှုများသဖြင့် စစ်ကောင်စီက လေကြောင်းဖြင့်ပင် လာရောက်ပစ်ခတ်ခဲ့သည်ဟုလည်း ပဒိုစောတောနီးက ပြောသည်။
စစ်ကောင်စီဘက်မှ ၆၀ ထက်မနည်းသေမည်ဟု တိုက်ပွဲတွင် ပါဝင်သူအချို့က ခန့်မှန်းသော်လည်း လတ်တလောတွင် ၄၀ အထက်ဟုသာ အတိအကျပြောနိုင်သေးကြောင်း ပဒိုစောတောနီးက ပြောသည်။
“အလောင်းတွေတော့ တော်တော်များတယ်လို့ ပြောတယ်။ ပြန့်ကျဲနေတာပဲ။ ဒါပေမဲ့ မကောက်ရဲကြဘူး။ ညကျမှ ပြန်လာကောက်တဲ့ သဘောရှိတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါ ထိခိုက်သေဆုံးအရေအတွက်နှင့် တိုက်ပွဲဖြစ်ပွားမှုအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်ပြင် စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ယနေ့ (မတ် ၂၈) နံနက်တွင်လည်း ထိုဒေသအတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားနေဆဲဖြစ်သည်ဟု ပဒိုစောတောနီးထံမှ သိရသည်။
“ဒီမနက်ကျတော့ အလောင်းက သိပ်မများဘူး။ တစ်ယောက်စ နှစ်ယောက်စပဲ ကျန်တော့တာ”
သေ့ဘော်ဘိုးရွာတစ်ဝိုက်တွင် ဆက်လက်လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA နှင့် ပူးတွဲ၍ တိုက်ပွဲဝင်နေသည်ဆိုသော Cobra Column အမည်ရ စစ်အာဏာရှင်တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့အဆိုအရ နှစ်ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေသူ ၆၁ ဦးထိရှိသည်ဟု သိရသည်။
ယမန်နေ့တွင် မြဝတီမြို့မှ ဝေါ်လေမြို့ခွဲ သွားရာ လမ်းမပေါ်၌ ချီတက်လာသည့် တပ်မ ၄၄၊ ၂၂ လက်အောက်ခံတပ်များနှင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ပြီး ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ကူပေးကာ စစ်ကောင်စီက အလောင်းကောက်ခဲ့သော်လည်း အချို့ ကျန်နေဆဲဖြစ်ကြောင်း Cobra Column ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အလောင်းတွေက ကားလမ်းမပေါ်မှာ ပြန့်ကျဲနေတာ။ ညဘက်မှာ ယူသွားတာရှိတယ်။ လက်နက်နဲ့ အလောင်းအချို့ကို (မတ် ၂၇ မွန်းလွဲပိုင်းက) လေယာဉ်လာပြီး ပစ်ကူပေးနေတဲ့အချိန်မှာ ဆွဲသွားတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့များထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သားအချို့ လဲကျသေဆုံးနေသည့် ဓာတ်ပုံမှတ်တမ်းများလည်း တွေ့ရသည်။
ယခု တိုက်ပွဲများပြင်းထန်နေသည့် နေရာမှာ မတ် ၂၂ တွင် KNLA က သိမ်းပိုက်ခဲ့သော စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်း မော်ခီးနှင့် မိုင်အနည်းငယ်သာကွာကြောင်း၊ ထိုစခန်းကို ပြန်ရရန် လွန်ခဲ့သည့် သုံးရက်မှစ၍ စစ်ကောင်စီက တပ်များလွှတ်ကာ အပြင်းအထန်ကြိုးပမ်းနေကြောင်း ပဒိုစောတောနီးက ပြောသည်။
ထိုတိုက်ပွဲများကြောင့် ကျောက်ခက်၊ ဘလယ်ဒို၊ သေ့ဘောဘိုးနှင့် ဆုံဆည်မြိုင်ရွာများမှ အရပ်သား ၂၀၀၀ ခန့် သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံဘက်အခြမ်းတွင် ခိုလှုံနေရသည်ဟု ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက ရေးသားထားသည်။
အာဏာသိမ်းပြီး တစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ခံရချိန်တွင် စစ်ကောင်စီ၏ ရန်ရှာခံရသူများကို KNU က ၎င်းတို့ထိန်းချုပ်ရာ နေရာများအတွင်း လက်ခံထားရှိခဲ့ရာ စစ်တပ်သဘောတူညီမှုဖြင့် တည်ထားသည့် လေးကေ့ကော်ကဲ့သို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်မြို့သည်ပင် လေကြောင်းပါ သုံး၍ တိုက်ခိုက်ခံရသည်။
ထိုအခြေအနေတွင် အပစ်ရပ်လက်မှတ်ထိုးပြီးဖြစ်သည့် KNU က စစ်ကောင်စီတပ်နှင့် ဝန်ထမ်းများကို ၎င်းတို့ထိန်းချုပ်ရာ ဒေသများအတွင်းမှ ထွက်ခွာသွားရန် ပြီးခဲ့သည့်လများအတွင်း သတိပေးစာများ ထုတ်ပြန်ခဲ့ပြီးနောက် စစ်တပ်စခန်းအချို့ကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)