
(ရန်ကုန်) – ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှု တရားရုံးပြောင်းလဲလျှောက်ထားချက်ကို ယခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်မည်ဟု ကိုအောင်ကိုထွေး၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ တရားရုံးမထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခံထားရသည့် ကိုအောင်ကိုထွေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို ခြေထောက်ဖြင့် နင်းသည်ဟုဆိုပြီး နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေဖြင့် ရန်ကုန် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
အဆိုပါဥပဒေသည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်သည်။
“ဘယ်မြို့နယ်တရားရုံးကို ခရိုင်တရားရုံးက ပြောင်းချပေးမလဲတော့ မသိသေးဘူး။ ကျွန်တော်က မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ တာမွေမြို့နယ်တရားရုံးတွေကို ပြောင်းပေးဖို့တော့ တောင်းဆိုထားတယ်” ဟု ယနေ့(ဇွန်လ၁၉ရက်) တရားခွင်အပြီး ဦးရောဘတ်စန်းအောင်က ပြောသည်။
ကိုအောင်ကိုထွေးကို ရုံးပြောင်းလျှောက်ထားမှုကြောင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးက ရုံးထုတ် ရမန်ယူခြင်းသာ ပြုလုပ်ပြီး တရားခွင်စစ်ဆေးမှု မပြုလုပ်သည်မှာ တစ်လနီးပါး ကြာမြင့်နေပြီ ဖြစ်သည်။
ထိုသို့ ရုံးပြောင်းလျှောက်ထားရခြင်းကလည်း တရားရုံးမထီမဲ့မြင်မှုကို တရားစွဲဆိုသူမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးမှ တရားသူကြီးဖြစ်ခဲ့သည့်အတွက် ယခုတရားရုံးတွင် အမှုဆက်လက်ရင်ဆိုင်ရန် အယုံအကြည်မရှိသဖြင့် လျှောက်ထားရခြင်းဖြစ်ကြောင်း မေလ ၈ ရက်နေ့က ၎င်း၏ရှေ့နေက ပြောဆိုထားခဲ့သည်။
ယနေ့အချိန်တွင် တရားရုံးတိုင်းတွင် အမှုများ ကြန့်ကြာမှုဖြစ်ပွားနေပြီး မိမိတွေ့ကြုံခဲ့ဖူးသည့် သူတချို့ဆိုလျှင် အချုပ်ကားပေါ်တွင်ပင် ချုပ်ရက်ရမန်ယူခြင်းကို ခံခဲ့ကြရသည်ကိုတွေ့ရ ကြောင်း၊ ထို့အတွက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် မြို့နယ်တရားရုံးများကို စီမံချက်များ၊ အဖွဲ့များဖွဲ့စည်းခြင်းများဖြင့် စိစစ်ပေးစေလိုကြောင်း ကိုအောင်ကိုထွေးက တရားရုံးသို့ အဝင်တွင် ပြောသည်။
မိမိကို ထောင်ဒဏ်အပြစ်ပေးခြင်းများကလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားမြစ်ခြင်းဖြစ်ကြောင်း၊ အမှန်တရားများ၊ တပ်မတော်ဘက်တွင် နိုင်ထက်စီးနင်းလုပ်ခဲ့မှု များ၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများနှင့် ပတ်သက်ပြီး သူနှင့်ဘဝတူ ကလေးစစ်သားဟောင်းများ ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ရန် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု သူက ဆက်ပြော သည်။
“ကျွန်တော့်အမှုဆို ကျွန်တော့မိသားစုဘက်က တိုင်ကြားမှုတွေ လုပ်ခဲ့လို့ ပေါ်ပေါက်ခဲ့တာ။ တပ်မတော်အနေနဲ့ ကလေးစစ်သားနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ဖော်ပေးပါ။
ကလေးသူငယ်တွေဟာ နိုင်ငံရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေပါ။ အဲ့ဒီအတွက် အမုန်းတရားတွေနဲ့ တိုက်နေတဲ့ စစ်ပွဲတွေမှာ ဖြူစင်တဲ့ ကလေးတွေကို အသုံးမချပါနဲ့” ဟု သူက ဆိုသည်။
ကိုအောင်ကိုထွေးသည် ၂ဝဝ၈ ခုနှစ်၊ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားဘဝတွင် အိမ်နီးချင်းတစ်ဦးနှင့်အတူ ပျဉ်းမနားသို့ အဖော်လိုက်သွားပြီးအပြန် ရန်ကုန်ဘူတာကြီးတွင် စစ်သားစုဆောင်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးက ခေါ်ဆောင်သွားရာမှ မိသားစုနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။
အသက် ၂၆ နှစ်အရွယ်တွင် တပ်မှ ပြန်လွတ်လာပြီး ရန်ကုန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အစ်မဖြစ်သူနှင့်နေထိုင်စဉ် ၎င်း၏ဘဝဖြစ်စဉ်ကို RFA သတင်းဌာနက ၂၀၁၇ သြဂုတ်လ ၁ဝ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။
အဆိုပါ အင်တာဗျူး ထုတ်လွှင့်ပြီး ၈ ရက်အကြာတွင် ကိုအောင်ကိုထွေး အဖမ်းခံလိုက်ရသည်။
ယင်းနောက် ကိုအောင်ကိုထွေးသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရပြီး မကြာသေးမီက ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည်။
ယင်းအမှု ကြားနာစစ်ဆေးစဉ် တရားရုံး၏ စစ်ဆေးမှု မျှတခြင်းမရှိဟုဆိုပြီး သပိတ်မှောက်ရာ တရားရုံးမထီမဲ့မြင်မှု ပုဒ်မ ၂၂၈ အရ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည်။
ပုဒ်မ ၅၀၅(ခ) အမှု စီရင်ချက်ချသည့်နေ့တွင် ၎င်းနှင့် ဝန်းရံသူများက တရားရုံးရှေ့တွင် ဆန္ဒပြစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို မြေသို့ချကာ ခြေထောက်ဖြင့် တက်နင်းခဲ့သည်ဟု ဆိုကာ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၇ ဖြင့် တရားစွဲခံလိုက်ရသည်။
သူနှင့်အတူ တရားစွဲဆိုခြင်းခံထားရပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသူများမှာ မခင်ချိုနိုင်၊ မသန်းသန်းအေး(ခ) မသန်းသန်းထွေး၊ ကိုမြင့်ဇော် တို့ ဖြစ်သည်။